ကြံခင်းမြို့နယ်တွင် မွေးစမှအသက် ၂ နှစ်အောက် ကလေးများအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပေး

ကြံခင်း ဖေဖော်ဝါရီ ၁

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အတွင်းရှိ ကျေးရွာ/အုပ်စုများ၌ ကိုယ်၀န်ဆောင်မိခင်များနှင့် မွေးစမှအသက် ၂ နှစ်အောက် ကလေးများအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက ကျေးလက်ကျန်းမာရေးဌာနများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများနှင့် သတ်မှတ်စုရပ်ရပ်ကွက်အသီးသီးတွင် နေ့ရက်များအလိုက် ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးပေးလျက်ရှိသည်။

ထိုသို့ ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၏ ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်ကျန်းမာရေးဌာနမှ ၀န်ထမ်းများ၊ ကျေးလက်ကျန်းမာရေးဌာနမှ ဝန်ထမ်းများက တလိုင်းကွင်းကျေးရွာ၊ ခုံကြီးကျေးရွာများတွင် ဘက်စုံသားဖွားဆရာမများ၊ ကျန်းမာရေးမှူးများက အသိပညာပေးဟောပြောခြင်း၊  ကိုယ်၀န်ဆောင်များနှင့် မွေးစမှ အသက် ၂ နှစ်အောက် ကလေးများအား ဘီစီဂျီ၊ အသည်းရောင်အသားဝါ (ဘီ)၊ ပြင်းထန်၀မ်းပျက်၀မ်းလျှော (ရိုတာ)၊ ပိုလီယို၊ ပြင်းထန်အဆုတ်ရောင် (ပီစီဗီ)၊ ဆုံဆို့-ကြက်ညာ-မေးခိုင်-အသည်းရောင်အသားဝါ (ဘီ) ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)၊ ၀က်သက်ဂျိုက်သိုး၊ ဂျပန်ဦးနှောက်ရောင် ရောဂါကာကွယ်ဆေးများကို အသက်အရွယ်၊ အပိုင်းအခြားအလိုက် ထိုးနှံတိုက်ကျွေးပေးခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်ရောဂါကာကွယ်ဆေး ထိုးနှံပေးတို့ကို လစဉ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ဖြိုးဝေလင်း(ပြန်/ဆက်)