ကြံခင်းမြို့နယ်လုံးဆိုင်ရာ ရွှေပြည်အေး(၁၁)ထပ် မြတ်စွာဘုရားကြီး၌ (၈၇)ကြိမ်မြောက် ဗုဒ္ဓပူဇနိယ နှမ်းမနဲ (ခေါ်) ထမနဲ ဆွမ်းတော်ကြီးကပ်လှူပွဲနှင့် ဘုရားအနေကဇာတင်လှူပွဲ ကျင်းပ

ကြံခင်း ဖေဖော်ဝါရီ ၁

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်လုံးဆိုင်ရာ ဂေါတမသဗ္ဗညူ ရွှေပြည်အေး(၁၁)ထပ် မြတ်စွာဘုရားကြီး၌ (၈၇)ကြိမ်မြောက် ဗုဒ္ဓပူဇနိယ နှမ်းမနဲ(ခေါ်) ထမနဲဆွမ်းတော်ကြီး ကပ်လှူပွဲနှင့် ဘုရားအနေကဇာတင်လှူပွဲကို ယနေ့နံနက် ၅ နာရီက အဆိုပါဘုရားရင်ပြင်၌ ပြုလုပ်ခဲ့ရာ ပင့်သံဃာတော်အရှင်သူမြတ်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အကျိုးတော်ဆောင်ဂေါပကအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများ ကြွရောက် ချီးမြှင့်ကြသည်။

ရှေးဦးစွာ ဂေါတမသဗ္ဗညူ ရွှေပြည်အေး (၁၁) ထပ် မြတ်စွာဘုရားကြီးအား လယ်ယာကျောင်း တိုက်ဆရာတော်ဦးဆောင်၍ ပင့်သံဃာတော်အရှင်သူမြတ်များက ဗုဒ္ဓဘိသေကအနေကဇာတင်လှူပူဇော်ခြင်းနှင့် ထမနဲဆွမ်းတော်ကြီးဆက်ကပ်လှူဒါန်းပြီး၊ ရွှေပြည်အေးကျောင်းတိုက် ဦးစီးပဓနဆရာတော် ဘဒ္ဒန္တဓမ္မဝရထံမှ ဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူဆောက်တည်ကြသည်။ ထို့နောက် သံဃာတော်အရှင်သူမြတ်များက မေတ္တသုတ်ပရိတ်တရားတော်များ ရွတ်ဖတ်သရဇ္ဈာယ်ကြပြီး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းလှိုင်နှင့်အဖွဲ့ဝင်များ၊ ဘုရားဂေါပကအဖွဲ့များက သံဃာတော်အရှင်သူမြတ်များ ဝတ္ထုအလှူငွေများ ဆက်ကပ်လှူဒါန်းကြပြီးနောက် ရေစက်ချတရားတော်နာယူကာ လှူဒါန်းမှုအစုစု တို့အတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။ ဆက်လက်၍ သံဃာတော်အရှင်သူမြတ်တို့အား မုန့်ဟင်းခါး အာရုံဆွမ်းဆက်ကပ်လှူဒါန်းကြပြီး ဧည့်ပရိတ်များအား မုန့်ဟင်းခါးဖြင့် ဧည့်ခံကျွေးမွေး ကြသည်။

အဆိုပါ ရွှေပြည်အေး(၁၁)ထပ် မြတ်စွာဘုရားကြီးအား ရပ်ကွက်နေပြည်သူများက ဆီမီး၊ ရေချမ်း၊ ပန်းနံသာနှင့် သစ်သီးဝလံများဖြင့် ဖေဖော်ဝါရီ ၃၁ ရက်၊ တပို့တွဲလဆန်း (၁၄) နေ့ညနေပိုင်း အချိန်တွင် လာရောက် ဆက်ကပ်လှူဒါန်းပြီး၊ ရွှေပြည်အေးကျောင်းတိုက် ဦးစီးပဓနဆရာတော်မှ ခြင်းပြိုင်ပွဲ၊ အားကစား ဂိမ်းပြိုင်ပွဲများ ကျင်းပပေးခဲ့ပြီး၊ မြန်ရိုးရာဝိုင်းခြင်းအလှအဖွဲ့များက ဧည့်ခံ ဖျော်ဖြေကြသည်။ ကြံခင်းမြို့နယ်အတွင်းရှိ မဟာသကျမုနိစေတီတော်မြတ်ကြီး၊ အောင်ဓမ္မသိဒ္ဓိ ပြည်လုံးအေး (မြို့ဦးစေတီ)၊ ပုံဂံပြန်ကျောင်းတိုက်တွင် တပို့တွဲလဆန်း (၁၄) ရက်နေ့ ညနေပိုင်းတွင် အလှူရှင်များထည့်ဝင်လှူဒါန်းငွေများဖြင့် ထမနဲထိုး၍ မဲပို့လာရောက်သော အလှူရှင်ပြည်သူများကို ထမနဲဖြင့် ဧည့်ခံကျွေးမွေးခြင်း၊  ထမနဲထုပ်များ ဝေငှလှူဒါန်းပေးခြင်း ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ဖြိုးဝေလင်း(ပြန်/ဆက်)