ကျောက်ပန်းတောင်းမြို့နယ် ပြည်သူ့ဆေးရုံတွင် အနံ့ပျောက်သဖြင့် ဆေးရုံတက်ရောက်နေသူ (၂) ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ

ကျောက်ပန်းတောင်း ဇန်နဝါရီ ၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် Quarantine ဝင်ရောက်နေသူများမှ ဒုတိယအကြိမ် စစ်ဆေးရန်ကျန်ရှိသူ (၂၁)ဦးနှင့် မြို့နယ်ပြည်သူ့ဆေးရုံတွင် အနံ့ပျောက်သဖြင့် ဆေးရုံတက်ရောက်နေသူ(၂)ဦးတို့အား Swab နမူနာယူစစ်ဆေးရာမှ၊ အနံ့ပျောက်သဖြင့် ဆေးရုံတက်ရောက် ကုသနေသူ(၂)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းတွင် Quarantine ဝင်ရောက်နေသူ (၁၂၆) ဦးမှ ပထမအကြိမ် RDT Test Kit ဖြင့် စစ်ဆေးခဲ့ပြီး၊ ဒုတိယအကြိမ် Swab ယူစစ်ဆေးရန် ကျန်ရှိသူ(၂၁)ဦးနှင့် မြို့နယ်ပြည်သူ့ဆေးရုံတွင် အနံ့ပျောက်သဖြင့် ဆေးရုံတက်ရောက် ကုသမှု ခံယူနေသည့် ကျောက်ပန်းတောင်းမြို့၊ မြို့မရပ်ကွက်မှ အမျိုးသား(၁)ဦးနှင့် လွတ်လပ်ရေး ရပ်ကွက်မှ အမျိုးသမီး(၁)ဦး ပေါင်း (၂၃) ဦးတို့၏ တို့ဖတ်နမူနာများကို ယမန်နေ့ ပြည်သူ့ကျန်းမာ ရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) သို့ ပို့ဆောင်စစ်ဆေးခဲ့ရာ အနံ့ပျောက်သဖြင့် ဆေးရုံ တက်ရောက် ဆေးကုသမှုခံယူနေသူ (၂)ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ကြောင်း သိရပြီး၊ အဆိုပါ ပိုးတွေ့လူနာ (၂) ဦးကို မြို့နယ် ပြည်သူ့ဆေးရုံ ပိုးတွေ့လူနာများထားရှိသည့် အဆောင် တွင် ကြပ်မတ်ကုသထားရှိကြောင်းနှင့် ၎င်းတို့နှင့် ထိတွေ့ဆက်စပ်မှုရှိခဲ့သူများကို စုံစမ်း ဖော်ထုတ်၍  Quarantine Center သို့ ပို့ဆောင်ထားရှိသွားမည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ထံမှ သိရသည်။

နေအောင်(ပြန်/ဆက်)