ကျုံ​ပျော်၌ ကိုဗစ် - ၁၉ ၏ စီးပွား​ရေး ထိခိုက်မှုသက်သာ​ရေးစီမံချက်အရ ကျွဲ၊ နွားမွေးမြူ ထုတ်လုပ်နည်း သင်တန်းဖွင့်လှစ်

ကျုံ​ပျော်  သြဂုတ်  ၅

ကိုဗစ် - ၁၉ ​ကန့်သတ်ကာလ ​ဖြေ​လျှော့မှုများတွင် ​မွေးမြူ​ရေးလုပ်ငန်းများ ပြန်လည်ဦး​မော့ ဆောင်ရွက်နိုင်ရန်အတွက် ကိုဗစ် -၁၉ ၏ စီးပွား​ရေးထိခိုက်မှု သက်သာ​ရေးစီမံချက် (CERP)အရ ဖွင့်လှစ်​သော ကျွဲနွားမွေးမြူထုတ်လုပ်နည်း သင်တန်းကို ကျုံ​ပျော်မြို့နယ်၊ ဒိုက်ပျက်အုပ်စု၊ ကွင်းပြား​ကျေးရွာ၌ ယမန်နေ့တွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါ သင်တန်းသို့ ​ဒေသတွင်းရှိ ကျွဲနွားမွေးမြူ​ရေးလုပ်ငန်း လက်​တွေ့​ဆောင်ရွက်​နေသည့် သင်တန်းသား(၂၀)ဦး တက်​ရောက်ကြပြီး၊ မြို့နယ်​မွေးမြူရေးနှင့်ကုသ​ရေး ဦးစီးဌာနမှူး ​ဒေါက်တာ​ဆွေမူဟန် ဦး​ဆောင်၍ ဒု-လက်​ထောက်ကြီးကြပ်​ရေးမှူး ဦး​အောင်ကိုနှင့် ဦးသိန်း​ဌေး ​တို့က ​အောင်မြင်​သော​မွေးမြူ​ရေးလုပ်ငန်းဖြစ်ရန် မျိုး​ကောင်း မျိုးသန့်​ရွေးချယ်နည်း၊ ​မွေးမြူ​ရေးခြံ ​ဆောက်လုပ်နည်း၊ အစာအဟာရ​​ကျွေးနည်း၊ ​​ရောဂါကာကွယ်ကုသနည်း၊ ဈေးကွက်သို့ ​တင်ပို့နိုင်သည်အထိ အနာ​ရောဂါကင်းရှင်း​ရေး ​ဆောင်ရွက်နည်းတို့ကို စာ​တွေ့ လက်​တွေ့ သင်ကြားပေးခဲ့သည်။

ယခု ကိုဗစ်-၁၉ ကာလအတွင်း၌ ကျုံ​ပျော်မြို့နယ်အတွင်းရှိ​ ကျေးရွာများတွင် ​မွေးမြူ​ရေးနှင့် ကုသ​ရေးဦးစီးဌာနက ဦး​ဆောင်ကာ ကြက်၊ဝက်၊နွား ​မွေးမြူထုတ်လုပ်ခြင်းသင်တန်း (၉)ခု၊ တိရိစ္ဆာန်ကျန်းမာ​ရေးနှင့် ​စောင့်​ရှောက်​ရေးသင်တန်း(၂) ခု၊ ​မေထုံမဲ့သားစပ်ခြင်သင်တန်း (၁)ခု၊ စုစု​ပေါင်း သင်တန်း (၁၂)ခုကို သင်ကြားပို့ချ​ပေးသွားမည်ဖြစ်​ပြီး၊ ယခုသင်တန်းသည် (၆)ကြိမ်​မြောက်သင်တန်းဖြစ်ကာ၊ သင်တန်းတစ်ခုတွင် သင်တန်းသား (၂၀) ဦးကို သင်တန်းကာလ (၃) ရက်ကြာဖြင့် စာ​တွေ့လက်​တွေ့ သင်ကြား​ပေးခြင်းဖြစ်ကြောင်း သိရသည်။


နေဝင်းမြင့်(ကျုံ​ပျော်)