သီပေါမြို့နယ်တွင် နာနတ်စိုက်တောင်သူများ GAP လက်မှတ်ရရှိရေး ကျေးရွာများသို့ ကွင်းဆင်း ဆောင်ရွက်

သီပေါ ဇန်နဝါရီ

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ သီပေါမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းမင်းဦးနှင့် ဝန်ထမ်းများသည် နမ့်ရမ်းကျေးရွာအုပ်စုရှိ နမ့်ရမ်းကျေးရွာနှင့် ညောင်ထောက် ကျေးရွာမှ နာနတ်စိုက်တောင်သူများ နာနတ် GAP လက်မှတ်ရရှိရေးအတွက် ယမန်နေ့ နံနက်ပိုင်းက အဆိုပါကျေးရွာများသို့ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။

ရှေးဦးစွာ သီပေါမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းမင်းဦးက တောင်သူများအား (GAP) Good Agricultural  Practice တွင်လိုက်နာဆောင်ရွက်ရမည့် စိုက်ပျိုးမြေနေရာ ရွေးချယ်ခြင်း၊ ရေ၊ မျိုးစေ့/မျိုးပင်၊ မြေသြဇာနှင့် မြေဆီလွှာဖြည့်စွက်ပစ္စည်းများ၊ စိုက်ပျိုးရေးသုံး ဓာတုဆေးများနှင့် အခြားဓာတုဆေးများ၊ အပင်ပြုစုစောင့်ရှောက်ခြင်း၊ ရိတ်သိမ်းခြင်း၊ ထွက်ကုန်ပြုပြင်ခြင်း စသည်ဖြင့်  လုပ်ငန်းစဉ် (၁၆)ချက်ရှိကြောင်းနှင့် GAP လက်မှတ်ရရှိရန် အတွက် ဌာနမှဆုံးဖြတ်ချက်ပေးကာ ချထားပေး ခြင်းမဟုတ်ဘဲ သီးနှံစိုက်တောင်သူ၏ စိုက်ခင်းမြေအနေအထား၊ စိုက်ခင်းအခြေအနေ စိုက်ပျိုးထားရှိမှု၊ စိုက်ပျိုးရေးဆေးသုံးစွဲထားမှု၊ သီးနှံပျိုးမှုမှတ်တမ်းနှင့် အလုပ်သမားအခြေ အနေများကို သက်ဆိုင်ရာ အထက်အဆင့်ဆင့်သို့ ပေးပို့တင်ပြပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့သည်။

ဆက်လက်၍  နာနတ်GAPလက်မှတ် လျှောက်ထားလာသူ  တောင်သူများ၏ နာနတ်စိုက်ခင်းများတွင် မြေနမူနာရယူခြင်း၊  လက်မှတ်များ လျှောက်ထားခြင်း လုပ်ငန်းများကို ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် GAP လက်မှတ်ရရှိခြင်းဖြင့် စားသုံးသူများအနေဖြင့် စားသုံးရာတွင်လည်း စိတ်ချရသည့်အနေအထား ရရှိမည်ဖြစ်ပြီး ပြည်တွင်း၊ ပြည်ပသို့ တင်ပို့ရောင်းချရာတွင် အရည်အသွေး ကောင်းမွန်ခြင်း ကြောင့် စျေးနှုန်းပိုမိုရရှိ လာမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ခင်လေး(သီပေါ၊ ပြန်/ဆက်)