နမ္မတူ ဇန်နဝါရီ ၈
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ နမ္မတူမြို့နယ်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရုံးမှ ဒီဇင်ဘာလ (၂)ရက်နေ့နှင့် (၅)ရက်နေ့တို့တွင် နမ္မတူမြို့နယ်၊ နမ့်တောင်ကုန်းကျေးရွာအုပ်စု နားကျဲကျေးရွာအနီးနှင့် ပန်ချင်ကျေးရွာအုပ်စု၊ ပန်ချင်ကျေးရွာအနီးတွင်တိုက်ပွဲဖြစ်ပွားခဲ့သဖြင့် မန်စံကျေးရွာနှင့် နားဆိုင်းကျေးရွာတို့တွင် ယာယီလာရောက်ခိုလှုံကြသော တိုက်ပွဲရှောင် ပြည်သူများအား ဆန်ဖိုးရိက္ခာငွေများ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ (၂)နာရီအချိန်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရှိ မန်စံကျေးရွာ ရွေစကားဝါမြေဘုန်းတော်ကြီးကျောင်းနှင့် နားဆိုင်းကျေးရွာ ခြေခံပညာအထက်တန်းကျောင်းခွဲ၌ ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် နမ္မတူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းခမ်းအေး၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရုံးမှ တာဝန်ခံဒေါ်မြတ်သူနှင်းနှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ စာရေးများက၊ နမ္မတူမြို့နယ် မန်စံကျေးရွာနှင့် နားဆိုင်းကျေးရွာတို့ရှိ ယာယီတိုက်ပွဲရှောင်ပြည်သူအိမ်ထောင်စု (၃၀၂)စုမှ ကျား (၃၅၆)ဦး၊ မ (၅၅၂)ဦး၊ စုစုပေါင်းလူဦးရေ (၉၀၈)ဦးတို့အတွက် ရက်သတ္တတစ်ပတ်စာ ဆန်ရိက္ခာဖိုးငွေ (၁)ဦးလျှင် (၂၁၀၀)ကျပ်နှုန်းဖြင့် စုစုပေါင်း ငွေကျပ် (၁၉၀၆၈၀၀)ကျပ်အား ယာယီတိုက်ပွဲရှောင်ပြည်သူများ လက်ဝယ်သို့ ထောက်ပံ့ ပေးအပ်ခဲ့သည်။
ဆက်လက်၍ တိုက်ပွဲအတွင်း ပန်ချင်ကျေးရွာအုပ်စု ညောင်ဆွယ်ကျေးရွာရှိ လက်နက်ကြီးကျည်ထိ မီးလောင်ပျက်စီးခဲ့သော မိသားစု (၄)ဦးနေ နေအိမ် (၁)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၂၂)မျိုးပါ ပလပ်စတစ်ပုံး (၁)ပုံး၊ ရက်သတ္တတစ်ပတ်စာ ဆန်ဖိုးရိက္ခာငွေ တစ်ဦးလျှင် (၂၁၀၀) နှုန်းဖြင့် ငွေကျပ် (၈၄၀၀)ကျပ်နှင့် အိမ်ဆောက်ပစ္စည်းတန်ဖိုး ငွေကျပ် (၁၀၀၀၀၀)ကျပ်အား လည်းကောင်း၊ လက်နက်ကြီးကျည်ထိမှန် သေဆုံးခဲ့သော ဒေသခံပြည်သူ (၁)ဦးအတွက် ထောက်ပံ့ ငွေကျပ် (၃၀၀၀၀၀)ကျပ်အားလည်းကောင်း အသီးသီးထောက်ပံ့ပေးအပ် ခဲ့ကြောင်း နမ္မတူမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရုံးမှ တာဝန်ခံ ဒေါ်မြတ်သူနှင်းထံက သိရှိရသည်။
လူမော် (ပြန်/ဆက်)