ပုသိမ် ဖေဖော်ဝါရီ ၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ သဒ္ဓမ္မသီတဂူ မဟာစည်သာသနာ့ရိပ်သာ တောရကျောင်းတိုက်၏ ကျောင်းတိုက်တည်နှစ် (၁၅၀) ပြည့်သမ္မာပဋိပတ်အကျင့်မြတ်ပူဇော်ပွဲ တစ်နေ့တာဆွမ်းဆက်ကပ်လှူဒါန်းခြင်း ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားကို ယမန်န်နေ့နံနက်ပိုင်းက အဆိုပါကျောင်းတိုက်တွင်ကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ အလှူရှင်များတက်ရောက်ကြည်ညိုခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီးအမှူးပြုသောဧည့်ပရိသတ်များက သံဃာတော်အရှင်သူမြတ်အပါး (၁၅၀) တို့အား ထမနဲ၊ ဆွမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ လောင်းလှူပူဇော်ခဲ့ကြပြီးနောက် သံဃာတော်အရှင်သူမြတ်များအား အရုဏ်ဆွမ်းများ ဆက်ကပ်ခဲ့သည်။
ဆက်လက်၍ ရေစက်ချအလှူတော်မင်္ဂလာ အခမ်းအနားကိုကျင်းပရာ “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ဖွင့်လှစ်ခဲ့ပြီးနောက် သဒ္ဓမ္မသီတဂူမဟာစည်သာသနာ့ရိပ်သာ ဦးစီးပဓာနနာယက၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တတေဇိန္ဒာသဘ မဟာထေရ်ထံမှ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက (၉) ပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားချီးမြှင့်တော်မူသော ပရိတ်တရားတော်များကို ဆက်လက်နာယူကြည်ညိုခဲ့ကြသည်။
ထို့နောက် ဆရာတော်သံဃာတော်အရှင်သူမြတ်များအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အလှူရှင်များက လှူဖွယ်ပစ္စည်းများကိုဆက်ကပ်လှူဒါန်းခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီးတို့က တစ်နေ့တာဆွမ်းအလှူငွေများကို ဆက်လက်လှူဒါန်းပေးအပ်ခဲ့ရာ တာဝန်ရှိသူတစ်ဦးကလက်ခံရယူခဲ့သည်။
ဆက်လက်၍ ဆောက်လုပ်ဆဲဆွမ်းစားဆောင်၊ ဘုရားဆင်းတုတော်များအပါအဝင် ဘုရားကျောင်းဆောင်တော်အတွက် အလှူရှင်များက အလှူငွေများ လှူဒါန်းခဲ့ပြီးနောက် သဒ္ဓမ္မသီတဂူမဟာစည်သာသနာ့ရိပ်သာ ဦးစီးပဓာနနာယက၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တတေဇိန္ဒာသဘ မဟာထေရ်ထံမှ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက အနုမောဒနာတရားများ နာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကာ အခမ်းအနားကို “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားရုပ်သိမ်းခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့သဒ္ဓမ္မသီတဂူ မဟာစည်သာသနာ့ရိပ်သာ တောရကျောင်းတိုက်ရှိ မြတ်စွယ်တော်တိုက်နှင့် ထေရဝါသကျောင်းဆောင်ရှိ မြချမ်းသာစေတီတော် ဌာပနာပစ္စည်းများ၊ ပုဂံ-ပင်ယ-အင်းဝ-ကုန်းဘောင်ခေတ်လက်ရာ ရုပ်ပွားဆင်းတုတော်များအား ကြည်ညိုလေ့လာခဲ့ကြောင်း သိရသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ ရတနာတန်ဆောင်ခန်းမတွင်ပြုလုပ်သည့် ၂၀၂၆ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး ဘာသာရပ်ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က “တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေးအတွက် နှစ်စဉ်ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ဘာသာရပ်ဆိုင်ရာသိကောင်းစရာ ဆွေးနွေးဟောပြောပွဲများကိုလည်း ပြုလုပ်ခဲ့ပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအမှတ်ပေးစည်းမျဉ်းနှင့်အညီ ဖြေဆိုနိုင်ရေး တက္ကသိုလ်မှဆရာကြီး၊ ဆရာမကြီးများက ဟောပြောပို့ချဆွေးနွေးသွားမည်ဖြစ်ရာ ကျောင်းသား၊ ကျောင်းသူများအနေဖြင့်လည်း ဆွေးနွေးချက်များကို ဂရုစိုက်မှတ်သားနားထောင်၍ မရှင်းလင်းသည်များကို မေးမြန်းဆွေးနွေးသွားကြရန်လိုပါကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက်လည်း တာဝန်ရှိသူအားလုံးက ပူးပေါင်းဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါကြောင်းနှင့် လိုအပ်သည်များကိုလည်း အကြံပြုဆွေးနွေး ပေးကြစေလိုကြောင်း” ပြောကြားခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများအား စားသောက်ဖွယ်ရာများပေးအပ်ခဲ့သည်။
ထို့နောက် ပုသိမ်တက္ကသိုလ်မှ ဆရာကြီး၊ ဆရာမကြီးများက မြန်မာစာဘာသာရပ်၊ အင်္ဂလိပ်စာဘာသာရပ်၊ သင်္ချာဘာသာရပ်၊ ဓာတုဗေဒဘာသာရပ်၊ ရူပဗေဒဘာသာရပ်၊ ဇီဝဗေဒဘာသာရပ်၊ ပထဝီဝင်ဘာသာရပ်၊ သမိုင်းဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်များနှင့်စပ်လျဉ်း၍ အမှတ်ပေးစည်းမျဉ်းနှင့်အညီ ဖြေဆိုနိုင်ရေးကျောင်းသား၊ ကျောင်းသူများအား ဆွေးနွေးဟောပြောခဲ့ကြသည်။
အလားတူ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်း၊ ပမ္မဝတီခန်းမတွင်ပြုလုပ်သည့် ၂၀၂၆ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး ဘာသာရပ်ဆွေးနွေးပွဲတွင် ပုသိမ်တက္ကသိုလ်မှ ဆရာကြီး၊ ဆရာမကြီးများ၏ ဆွေးနွေးပို့ချနေမှုများကို သွားရောက်ကြည့်ရှုအားပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ သဘော့ကုန်းကျေးရွာ အောင်သိဒ္ဓိကျောင်းတိုက်ဆရာတော်အား ဖူးမြော်ကြည်ညိုကာ သာသနာရေးဆိုင်ရာကိစ္စရပ်များနှင့် ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များအား တင်ပြလျှောက်ထားကာ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။
လှမင်းထွဋ် (ပြန်/ဆက်)