မြန်အောင် ဖေဖော်ဝါရီ ၂
မြန်မာနိုင်ငံကိုယ်အင်္ဂါမသန်စွမ်းသူများအသင်း မြန်အောင်ခရိုင်၊ မြန်အောင်ရုံးခွဲ (၁၀) နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားနှင့် ထောက်ကူပစ္စည်းများ၊ ပညာသင်စရိတ်၊ အားကစားထူးချွန်ဆုများ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ကမြန်အောင်မြို့နယ် ဒေါင်းကျကျေးရွာတွင်ကျင်းပ ပြုလုပ်သည်။
အခမ်းအနားတွင် မြန်မာနိုင်ငံကိုယ်အင်္ဂါမသန် စွမ်းသူများအသင်းရုံးချုပ်ဥက္ကဋ္ဌ ဦးစိုင်းမြတ်မိုးနှင့်အဖွဲ့ဝင်များ၊ "ရွှေပြည်တော်သို့ဆုံမှတ်" ပရဟိတအသင်းဥက္ကဋ္ဌ ဦးအောင်ပိုင်မင်းနှင့်အဖွဲ့ဝင်များ တက်ရောက်၍ ထောက်ကူပစ္စည်းများ၊ WheelChair များပေးအပ်လှူဒါန်းခဲ့ပြီး တက္ကသိုလ်၊ အခြေခံပညာအထက်တန်း၊ အခြေခံပညာ အလယ်တန်းနှင့် အခြေခံပညာမူလတန်း တက်ရောက်နေသော မသန်စွမ်းကျောင်းသား၊ ကျောင်းသူ ကလေးများအား ပညာသင်စရိတ်ထောက်ပံ့ပေးအပ်ခဲ့ကြပြီး တိုင်းဒေသကြီးအဆင့် မသန်စွမ်း အားကစားပြိုင်ပွဲများတွင် သံလုံးပစ်ပြိုင်ပွဲ၊ အပြေးပြိုင်ပွဲနှင့်သံပြားပစ်ပြိုင်ပွဲများတွင် ရွှေတံဆိပ်ဆု၊ ငွေတံဆိပ်ဆု၊ ကြေးတံဆိပ်ဆု ရရှိသူများကိုထပ်ဆင့်ဂုဏ်ပြုဆုများချီးမြှင့်ခဲ့ကြသည်။
အခမ်းအနားသို့ မြန်အောင်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးသန်းစိုးဦးနှင့်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံကိုယ်အင်္ဂါမသန်စွမ်းသူများအသင်း မြန်အောင်ခရိုင် မြန်အောင်ရုံးခွဲ နာယကများ၊ မြန်အောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းဆွေ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များတက်ရောက်၍ မသန်စွမ်းသူများကို အားပေးစကား ချီးမြှင့်ပြောကြားခဲ့ကြသည်။
မြန်မာနိုင်ငံကိုယ်အင်္ဂါမသန်စွမ်းသူများအသင်း မြန်အောင်ခရိုင်၊ မြန်အောင်ရုံးခွဲကို ၁၁-၉-၂၀၁၅ နေ့တွင် အမှုဆောင် (၉) ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး ယခုအခါ အသင်းဝင် (၅၂၀) ဦးရှိကြောင်း၊ မသန် စွမ်းများအတွက် ဥပဒေရေးရာအမှု(၅)ခု၊ ထောက်ကူပစ္စည်းများအနေဖြင့် ချိုင်းထောက် (၅၀) ချောင်း၊ ဖဝါး(၁၀)စုံ၊ Wheel Chair (၂၂) စီး၊ တုတ်ကောက်(၃၀)ချောင်း၊လက်ထောက် (၃၀) စုံ၊ လေးထောက်စင် (၅) ခု၊ သုံးဘီးလျှပ်စစ်စက်ဘီး (၁) စီး၊ EV လေးဘီးလျှပ်စစ်ဘီး (၂) စီးနှင့် နေအိမ် (၁၀) လုံး ဆောက်လုပ်ခြင်း၊ကျန်ူမာရေး၊ပညာရေး ၊စာဝတ်နေရေး အခက်အခဲများကို ဆောင်ရွက်ပေးနိုင်ကြောင်း၊ မြန်မာနိုင်ငံကိုယ်အင်္ဂါမသန်စွမ်းသူများအသင်း မြန်အောင်ခရိုင်၊ မြန်အောင်ရုံးခွဲဥက္ကဋ္ဌ ဦးအောင်အောင်မြင့်ထံမှ သိရသည်။
ဝင်းဗိုလ် (ပြန်/ဆက်)