ဒေးဒရဲ ဖေဖော်ဝါရီ ၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့တွင် မြို့ပေါ်နှင့် မြို့နီးနားဝန်းကျင်ရှိ ဘုန်းတော်ကြီးကျောင်းများတွင် သီတင်းသုံးလျက်ရှိသော ရဟန်းသံဃာတော်များ ဆွမ်းအခက်အခဲကို အထိုက်အလျောက် ဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်၍ ပုညသဟာယဆွမ်းဆန်စိမ်းလောင်းလှူရေးအဖွဲ့က ဦးဆောင်ကျင်းပသည့် တစ်မြို့နယ်လုံးဆိုင်ရာ ပုညသဟာယဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယမန်နေ့ မွန်းလွဲ (၃) နာရီခွဲက မင်္ဂလာကံကျောင်းတိုက်ရှေ့မှစတင်၍ ဘုရားလမ်းတစ်လျှောက်တွင် ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြသိန်းမောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့် ပြည်သူများတက်ရောက် လောင်းလှူခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို မြို့ပေါ်နှင့်အနီးနားဝန်းကျင်ရှိ ကျောင်းပေါင်း (၃၇) ကျောင်းမှ သံဃာတော် (၅၀၆) ပါးအား အလှူရှင်များက ဆွမ်းဆန်တော်တင်းပေါင်း (၃၇၅) တင်းကျော်၊ ဝတ္တုငွေနှင့် သံဃာတော်အသုံးအဆောင်ပစ္စည်းများ လောင်းလှူခဲ့ကြကြောင်းသိရသည်။ ထို့နောက် ဆွမ်းဆန်စိမ်းလောင်းလှူပွဲအပြီးတွင် မင်္ဂလာကံကျောင်းတိုက်ရှိ သာဓုနယတန်ဆောင်းတော်တွင် လှူဒါန်းမှုအစုစုအတွက် ရေစက်ချတရားတော်နာ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်းနှင့် ပုညသဟာယဆွမ်းဆန်စိမ်းလောင်းလှူပွဲကို နှစ်စဉ်ပြာသိုလပြည့်နေ့တိုင်း လောင်းလှူလျက်ရှိကြောင်း သိရသည်။
အေဇာလင်း