ညောင်တုန်းမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ညောင်တုန်း  ဇန်နဝါရီ  ၈

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်      ထိန်းချုပ်နိုင်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ ညနေ ၃ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးကျော်သူက မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် (၈) လမ်းဈေးတွင် ဈေးရောင်းချသူများမှာ ဈေးရောင်းချ နေရာကျဉ်းလွန်း နေသည်ကိုတွေ့ရပြီး ဈေးဝယ်သူများမှလည်း တစ်ဦးနှင့်တစ်ဦး ထိစပ်မှု များသောကြောင့် ရောဂါကူးစပ်မှုအတွက် အန္တရာယ်ရှိ အခြေအနေဖြစ်နေပြီး ဈေးရောင်းရာတွင် စနစ်တကျ နေရာပြန်လည်သတ်မှတ်နိုင်ရေး အကြောင်း ပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသူများက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးအတွက် ဈေးရောင်းသူ/ ဈေးဝယ်သူများအား စနစ်တကျနေရာ ပြန်လည်သတ်မှတ်သွားမည့် အခြေအနေများ၊ ဆောင်ရွက်ထားရှိမည့် အခြေအနေများ အကြောင်း ဆွေးနွေးပြောကြားခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးကျော်သူနှင့် တာဝန်ရှိသူများက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင်များနှင့် ဈေးကော်မတီအဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဝဠာနိုင် (ညောင်တုန်း)