ဟားခါး ဖေဖော်ဝါရီ ၄
ချင်းပြည်နယ်၏ ၂၀၂၅−၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များ ပြည့်မီကျော်လွန်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီလ ၃ ရက်နေ့ နံနက် ၁၀ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က ပြည်နယ်အစိုးရအဖွဲ့မှ ပြည်ထောင်စုအစိုးရအဖွဲ့သို့ လစဉ်ပုံမှန်တင်ပြသည့် ဒေသဆိုင်ရာအချက်အလက်အစီအရင်ခံစာတွင် စိုက်ပျိုး၊ မွေးမြူရေးနှင့်ပတ်သက်သည့် လယ်ယာကဏ္ဍ၌ ပန်းတိုင်အထွက်နှုန်းလျော့နည်းရခြင်းကြောင့် ဆုံးရှုံးမှုတန်ဖိုးကို မြန်မာကျပ်ငွေဖြင့် တွက်ချက်ရသည့် အချက်တစ်ချက်ပါဝင်ကြောင်း၊ ၎င်းအချက် အပေါ်အခြေခံ၍ စနစ်တကျတွက်ချက်နိုင်ပါက စုစုပေါင်းထုတ်ကုန်တန်ဖိုး (GDP) တွက်ချက်နိုင်ပါကြောင်း၊ သို့ဖြစ်ရာ ပြည်နယ်အဆင့် ဌာနဆိုင်ရာများအနေဖြင့် မိမိတို့ဌာနအလိုက် စုစုပေါင်းထုတ်ကုန် တန်ဖိုး (GDP) ၏ သဘောတရားကို နားလည်သဘောပေါက်ပါက လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာများ တင်ပြရာတွင် များစွာအထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း၊ ဌာနဆိုင်ရာများသည် စုစုပေါင်း ထုတ်ကုန်တန်ဖိုး(GDP) နှင့် မကင်းနိုင်ကြောင်း၊ ယနေ့လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ရှုပ်ထွေး ခက်ခဲသည့် နည်းပညာပိုင်းဆိုင်များကို ဆွေးနွေးရန်မဟုတ်ဘဲ သဘောတရားနှင့် concept များကို နားလည်းသဘော ပေါက်နိုင်ရေးအတွက် ဆွေးနွေးတင်ပြရမည်ဖြစ်ကြောင်း၊ GDP၏ သဘောတရားနှင့် concept များကို နားလည်သဘောပေါက်ပါက မိမိဌာနလုပ်ငန်းဆောင်ရွက်ရာ၌ ထိရောက်မှုရှိ စေရန်အတွက် များစွာအထောက်အကူပြု၊ သုံးချနိုင်မည်ဟု ယူဆပါကြောင်း၊ ရှုပ်ထွေးရှည်လျားသည့် ကိန်းဂဏန်းတစ်ခုကို ဇယားနှင့်ဖော်ပြပါက နားလည်ရလွယ်ကူသကဲ့သို့ ကိန်းဂဏန်း အထားအသို ကြီးစဉ်ငယ်လိုက် စသည်ဖြင့် စနစ်တကျစီလိုက်ပါက အချိန်အနည်းငယ်အတွင်း လွယ်ကူစွာနားလည်းသဘောပေါက်နိုင်ပြီး အဓိကကျသည့် အချက်များကိုလည်း ပေါ်လွင်စေသည်ကို တွေ့ရှိရပါကြောင်း၊ ချင်းပြည်နယ်အတွင်း အဓိကသီးနှံ (၉) မျိုးထွက်ရှိမှုကို ကြီးစဉ်ငယ်လိုက် စနစ်တကျပြုစုသည်အခါ ချင်းပြည်နယ်၏ အားကိုးအားထား အပြုရဆုံးသီးနှံများတွင် ဆန်စပါးနှင့် အစေ့ထုတ်ပြောင်းများဖြစ်သည်ကို ချက်ချင်းတွေ့ရှိနိုင်ပါကြောင်း၊ ရည်မှန်းချက်ပန်းတိုင်များကို ကိန်းဂဏန်းဖြင့် ခိုင်ခိုင်မာမာဖော်ပြထားခြင်းမရှိပါက ယောင်ဝါးဝါးဖြစ်သွားနိုင်ကြောင်း၊ သို့ဖြစ်၍ GDP ၏ သဘောတရားနှင့် concept များကို နားလည်သဘောပေါက်ပါက ဒေသန္တရစီမံကိန်းရည်မှန်းချက်များ ရေးဆွဲရာတွင်လည်းကောင်း၊ လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်မှု အစီရင်ခံစာတင်ပြရာတွင်လည်းကောင်း များစွာအထောက်အကူဖြစ်မည်ဟု ယူဆကြောင်းနှင့် ယနေ့ပြုလုပ်သည့်အစည်းအဝေးသည် သာမန်ထက် ပညာရပ်ဆန်ပြီး လက်တွေ့ကျသည့် အစည်းအဝေးဖြစ်၍ အကျိုးကျေးဇူးတစ်ခုခုရရှိနိုင်မည်ဟု ယူဆပါကြောင်းဖြင့် အမှာစကားပြောကြားသည်။
ယင်းနောက် ပြည်နယ်စီးပွားရေးရာဝန်ကြီး ဒေါက်တာလျန်ဇခုပ်က မြန်မာနိုင်ငံတွင် ဒေသန္တရစီမံကိန်းက ဒေသဖွံ့ဖြိုးရေးနှင့် ဝန်ဆောင်မှုများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့် လုပ်ငန်းစဉ်များဖြစ်ကြောင်း၊ ဒေသန္တရစီမံကိန်းများ၏ ရည်ရွယ်ချက်များမှာ ဒေသအတွင်း လိုအပ်ချက်များကို အခြေခံသည့် ဖွံ့ဖြိုးရေးဦးစားပေးသည့် သတ်မှတ်ချက်များ၊ ပြည်သူပါဝင်မှုမြှင့်တင်ခြင်းဖြင့် တည်ဆောက်နေသည့် ဒီမိုကရေစီလုပ်ငန်းစဉ်များ အားကောင်းလာစေရန်နှင့် ကျေးရွာ၊ မြို့နယ်၊ ခရိုင် အဆင့်များတွင် ဝန်ဆောင်မှုများ ပိုမိုရရှိစေရန်တို့ဖြစ်ကြောင်း၊ ဒေသန္တရာစီမံကိန်းတွင် လမ်း၊ တံတားများပြုပြင်တည်ဆောက်ခြင်း၊ သန့်ရှင်းရေသွယ်ယူခြင်းနှင့်၊ ကျန်းမာရေးစောင့်ရှောက်မှုစင်တာများ တိုးချဲ့ဖွင့်လှစ်ခြင်း စသည့်အချက်များပါဝင်သည့် အခြေခံအဆောက်အဦများ ဖွံ့ဖြိုးရေးလုပ်ငန်း၊ ရေးသွင်းစိုက်ပျိုးရေးစနစ်၊ ကုန်းမြင့်လယ်ယာစနစ်တိုးချဲ့ခြင်း၊ စိုက်ပျိုးရေးအထွက်တိုးနည်းပညာများ ပံ့ပိုးခြင်း စသည့်အချက်များပါဝင်သည့် စိုက်ပျိုးရေးနှင့်ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်း၊ ကျောင်းအဆောက်အဦ အသစ်များတည်ဆောက်ခြင်း၊ ဆရာ၊ ဆရာမများ၏ အရည်အသွေးမြှင့်တင်ခြင်း၊ ပညာရေးနှင့် ပတ်သက်သည့်ပစ္စည်းများ ထောက်ပံ့ပေးခြင်း စသည့်အချက်များပါဝင်သည့် ပညာရေး ဆိုင်ရာစီမံကိန်းများနှင့် စွန့်ပစ်ပစ္စည်းများ စနစ်တကျ စီမံခန့်ခွဲခြင်း၊ သစ်တောပြုန်းတီးမှု ကာကွယ်ခြင်း၊ ရေအရင်းအမြစ်များ ထိန်းသိမ်းကာကွယ်ခြင်း စသည့်အချက်များပါဝင်သည့် ပတ်ဝန်းကျင် ထိန်းသိမ်းခြင်းလုပ်ငန်းများပါဝင်ကြောင်းနှင့် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ ပြည့်မီကျော်လွန်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြသည်။
ထို့နောက် ပြည်နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးသန်းဦးက ချင်းပြည်နယ်၏ ၂၀၂၅−၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များ ပြည့်မီကျော်လွန်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးနှင့် စုစုပေါင်းထုတ်ကုန်တန်ဖိုး(GDP)၏ သဘောတရားများကို ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြချက်များအပေါ် ပြည်နယ်စီးပွားရေးရာဝန်ကြီး ဒေါက်တာလျန်ဇခုပ်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေလင်းအောင်၊ ပြည်နယ်ဥပဒေချုပ် ဦးဆွန်ဒုတ်ကျင့်၊ ခေတ္တပြည်နယ် အစိုးရအဖွဲ့အတွင်းရေးမှူး ဦးမင်းဆွေနှင့် အစည်းဝေးတက်ရောက်လာကြသည့် ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဆွေးနွေးတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
(ခရိုင်ပြန်/ဆက်)