မိုင်းပန် ဇန်နဝါရီ ၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် အသက် ၈၅ နှစ်အထက် သက်ကြီးဘိုးဘွား (၇၉) ဦးအတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေ သုံးသောင်းကျပ်စီကို ယနေ့ နံနက် (၉) နာရီအချိန်မှစ၍ တာဝန်ရှိများမှ နေအိမ်အရောက် သွားရောက် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ၂ဝ၂ဝ-၂ဝ၂၁ခု၊ ဘဏ္ဍာရေးနှစ်၊ ပထမ သုံးလပတ် (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ) အတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေများအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် ဝန်ထမ်းများ၊ မြို့နယ်လူမှုဝန်ထမ်းရုံးမှ ဒုတိယဦးစီးမှူး ဒေါ်နန်းငင်းလိန်နှင့် ဝန်ထမ်းများမှ ယနေ့ နံနက်ပိုင်းတွင် မိုင်းပန်မြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်(၄)ရပ်ကွက်၊ ကျေးရွာအုပ်စု (၆)အုပ်စုမှ ဘိုးဘွား(၇၉)ဦးတို့အတွက် တစ်ဦးလျှင် ထောက်ပံ့ငွေ သုံးသောင်းကျပ်နှုန်းဖြင့် စုစုပေါင်း ကျပ်(၂,၃၇ဝ,ဝဝဝ)အား အသီးသီးသွားရောက် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ထို့အပြင် လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုဗစ်-၁၉ ကူးစက်ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း အသက် (၁ဝဝ) နှစ်နှင့်အထက် သက်ကြီးရွယ်အို များအား ထပ်ဆောင်းထောက်ပံ့ငွေ သုံးသောင်းကျပ်စီကို အသက် (၁ဝဝ)နှစ်ကျော်သည့် အဘိုး(၂) ဦးအား ထပ်ဆောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
ဆန်းမြင့် (ပြန်/ဆက်)