ဟင်္သာတ ဖေဖော်ဝါရီ ၄
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ် ဦးဆောင်၍ တိုင်းအဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ဖေဖော်ဝါရီ ၃ ရက်နေ့ နံနက်ပိုင်းက ဟင်္သာတမြို့၊ တာငါးဆယ်တောင်ရပ်ကွက်၊ ကရင်ကျောင်းလမ်းရှိ မြို့နယ်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းရုံး ခန်းမဆောင်၌ တိုင်းရင်းသားရေးရာ အသိပညာပေးခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကြောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း အခမ်းအနားပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် တိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာမှ ညွှန်ကြားရေးမှူး ဒေါ်မြမာလာစိုးက လူမှုဝန်ဆောင်မှုဆိုင်ရာ ကိစ္စရပ်များအား အသိပညာပေးခြင်း၊ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာမှ ညွှန်ကြားရေးမှူးဒေါ်ဆန်းက တိုင်းရင်းသားရေးရာ ကိစ္စရပ်များအား အသိပညာပေးခြင်း၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ဆန်းဆန်းထွန်းက အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။ ထို့နောက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးကျော်စွာဝင်းက ပတ်ဝန်းကျင် စီမံခန့်ခွဲမှုနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကိစ္စရပ်များအား အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြသည်။ ဆက်လက်၍ တိုင်းရင်းသား အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေး ဦးစီးဌာနမှ တက်ရောက်လာသူများအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခြင်းနှင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံတိုင်းရင်းသားများ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခြင်း၊ ရပ်ရွာအခြေပြုအသက်မွေးဝမ်းကြောင်းပညာ လိုအပ်ချက် စစ်တမ်းကောက်ယူခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်၊ ဟင်္သာတခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးလှိုင်ထွန်း၊ မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဇော်မင်းနှင့် ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသခံတိုင်းရင်းသားများ၊ စုစုပေါင်း(၁၅၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်းသိရသည်။
ခရိုင်ပြန်ဆက်(ဟင်္သာတ)