မတ္တရာမြို့နယ်၌ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့်လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေး ဆွေးနွေး

မတ္တရာ  ဖေ‌ဖော်ဝါရီ ၄

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၌ မြို့နယ်အဆင့်ကာကွယ်ဆေးထိုးလွှမ်းခြုံမှု ပိုမိုမြင့်မားရေးနှင့် ကာကွယ်ဆေးတိုက်ကျွေးခြင်းလုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေးအတွက် အသိပေးဆွေးနွေးခြင်းနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီ ၂ ရက်က မြို့နယ်ပြည်သူ့ဆေးရုံအစည်းဝေးခန်းမ၌ ကျင်းပသည်။

ဆွေးနွေးပွဲတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာတင်အောင်ကျော်က မြို့နယ်အတွင်းကာကွယ်ဆေးထိုးလွှမ်းခြုံမှု ပိုမိုမြင့်မားစေရေးနှင့် ကာကွယ်ဆေးလွှမ်းခြုံမှု အားနည်းသည့်ဒေသများတွင် ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးသည့်လုပ်ငန်းများ၊ သွားလာရေးခက်ခဲသော ဒေသများသို့မိုဘိုင်းစနစ်ဖြင့် သွားရောက် ထိုးနှံတိုက်ကျွေးပေးနိုင်ရေး၊ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည့် လုပ်ငန်း စဉ်များကို ရှင်းလင်းဆွေးနွေးသည်။

ဆက်လက်၍ တက်ရောက်လာကြသော မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များ၊ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ကာကွယ်ဆေးများ ပိုမိုထိုးနှံပေးနိုင်ရေးအတွက် မေးမြန်းညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရ သည်။

ရွှေရာသား