ပူတာအို ဇန်နဝါရီ ၈
နယ်စပ်ရေးရာ၀န်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကချင်ပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး ကွပ်ကဲမှုအောက်ရှိ ပူတာအိုခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်လွင်ဦးနှင့် အဖွဲ့၀င်များသည် ပူတာအိုမြို့နယ် အတွင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သည့် လမ်း၊ တံတား လုပ်ငန်းများအား ယမန်နေ့က ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ဒုတိယညွှန်ကြားရေးမှူးနှင့် အဖွဲ့၀င်များသည် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စု ရန်ပုံငွေကျပ်သန်းပေါင်း (၂၇၆.၂၂၇)သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သည့် ပူတာအို မြို့နယ်အတွင်း လန်းတောင်ကျေးရွာအုပ်စုနှင့် မကပ်မုံကျေးရွာအုပ်စု ကျေးရွာချင်းဆက်လမ်း (၂/၀)မိုင်မြေသားလမ်း ဖောက်လုပ်နေမှု အခြေအနေများ၊ ဆွမ်ပီယာန်-အင်စီယာန်ကျေးရွာချင်းဆက် (၁/၀) မိုင် မြေသားလမ်း ဖောက်လုပ်နေမှု အခြေအနေများနှင့် အရှည်ပေ(၅၅)ပေ အကျယ် ၁၄ ပေ သံကူကွန်ကရစ် တံတားတစ်စင်း တည်ဆောက်ခြင်း လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးခဲ့ရာ လုပ်ငန်းများအားလုံး အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြပြီး သတ်မှတ်စံချိန်စံညွှန်း များနှင့်အညီ အချိန်မီပြီးစီးအောင် ဆောင်ရွက်နိုင်ရေး ပေါင်းစပ်ညှိနှိုင်း ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ လမ်း၊တံတား လုပ်ငန်းများ တည်ဆောက်ပေးနိုင်ခြင်းဖြင့် လန်းတောင်ကျေးရွာအုပ်စု၊ မကပ် မုံကျေးရွာအုပ်စု၊ ဇီးအွန်ကျေးရွာ အုပ်စုနှင့် ဆွမ်ပီယာန်ကျေးရွာအုပ်စု လေးအုပ်စုရှိ ကျေးရွာ(၁၈)ရွာ အိမ်ထောင် စုစုပေါင်း(၁၇၈၂)စု၊ လူဦးရေစုစုပေါင်း (၁၀၂၀၄) ဦး တို့အတွက် လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေးကဏ္ဍများနှင့် လူမှုဘ၀ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာ အကျိုးပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။
ဖုန်ကန်(ပူတာအို)