တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ထားဝယ်ပြည်သူ့ဆေးရုံကြီး၌ ထေရ်ကြီးဝါကြီးဆရာတော်ကြီးများ၊ သံဃာတော်များနှင့်သီလရှင်များအား ကျန်းမာရေးစစ်ဆေးနေမှု ကြည့်ရှုအားပေး

ထားဝယ်  ဖေဖော်ဝါရီ   ၄

တနင်္သာရီတိုင်းဒေသကြီးသာသနာရေးဦးစီးဌာနနှင့်တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ ထားဝယ်မြို့ရှိထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၊ သံဃာတော်များနှင့်သီလရှင်များအား ကျန်းမာရေးစောင့် ရှောက်မှုပေးသည့် အစီအစဉ်ဖြင့် ယနေ့နံနက်ပိုင်းတွင် ထားဝယ်ပြည်သူ့ဆေးရုံကြီး၌ ကျန်းမာရေးအခြေအနေများကိုစမ်းသပ်စစ်ဆေးပေးပြီး လိုအပ်သည့် ကုသမှုများ ဆောင်ရွက်ပေးသည်။

ထိုသို့ ကျန်းမာရေးစစ်ဆေးနေမှုကို တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကိုက ကြည့်ရှုအား ပေးပြီးကျန်းမာရေးအခြေအနေများကို မေးမြန်းလျှောက်ထားကာ လှူဖွယ်ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းသည်။

ထို့နောက် ထားဝယ်ပြည်သူ့ဆေးရုံအုပ်ကြီးနှင့် အထူးကုဆရာဝန်ကြီးများ၊ သမားတော်များ၊ ဆရာဝန်များ၊ သူနာပြုဆရာမများနှင့်ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးစမ်းသပ်စစ်ဆေးပေးနေမှုနှင့် လိုအပ်သည့် ကုသမှုများဆောင်ရွက်ပေးနေမှုကို  တိုင်းဒေသကြီးဝန်ကြီးချုပ်က လှည့်လည်ကြည့်ရှုအားပေးပြီးလိုအပ်သည်များကို သက်ဆိုင်ရာတာဝန်ရှိသူများ နှင့် ညှိနှိုင်းဆောင်ရွက်ပေးသည်။

ဆက်လက်၍ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၊ သံဃာတော်များနှင့်သီလရှင်များအား ထားဝယ်ပြည်သူ့ဆေးရုံကြီးမှ ဆေးပညာ၊ အရိုး၊ မျက်စိ၊ သွားနှင့် ခံတွင်း၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါဗေဒနှင့်ဓာတ်မှန်ရိုက်ခြင်း၊ အာထရာဆောင်း (Ultrasound) ရိုက်ပေးခြင်းများကို ကျန်းမာရေးကုသစောင့်ရှောက်မှုပေးခဲ့ပြီးလိုအပ်သည့်ဆေးဝါးများနှင့် မျက်မှန်များကို လှူဒါန်းပေးကြောင်းသတင်းရရှိသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)