နေပြည်တော် ဖေဖော်ဝါရီ ၄
မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနသည် ခွေးရူးရောဂါကင်းစင်ရေးအတွက် အမျိုးသားအဆင့်စီမံကိန်း (၂၀၁၈-၂၀၃၀) ကို ရေးဆွဲဆောင်ရွက်လျက်ရှိပြီး ခွေးမှတစ်ဆင့် လူသို့ ခွေးရူးရောဂါကူးစက်ပြန့်နှံခြင်းမှ ကာကွယ်နိုင်ရန်အတွက် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင် မွေးမြူထားသော အိမ်မွေးခွေးများအား ခွေးရူးဂါကာကွယ်ဆေးကို ဇန်နဝါရီ ၂၆ ရက်နေ့မှ ဖေဖေါ်ဝါရီ ၄ ရက်နေ့အထိ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာထက်မမဖြိုးနှင့် ဝန်ထမ်းများက လိုက်လံထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ဒက္ခိဏသီရိမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအနေဖြင့် ဇန်နဝါရီ ၂၆ ရက်နေ့မှ ဖေဖေါ်ဝါရီ ၄ ရက်နေ့အထိ ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင် မွေးမြူထားသော ခွေးအကောင်ရေ ၁၀၀၀ ကောင်ကို ခွေးရူးရောဂါကာကွယ်ဆေးများကို အခမဲ့ထိုးနှံပေးခဲ့ကြပြီး ခွေးရူးရောဂါအကြောင်း အသိပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းတို့ကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာ ထက်မမဖြိုးထံမှ သိရသည်။
ခွေးရူးရောဂါဖြစ်သော ခွေး၊ ကြောင်တို့မှ လူ(သို့မဟုတ်)တိရစ္ဆာန်သို့ ကူးစက်ခံရပါက ၁၀၀ ရာခိုင်နှုန်း အသက်အန္တရာယ် ဆုံးရှုံးနိုင်သဖြင့် ခွေးလေခွေးလွင့်ကောင်ရေ လျော့ချရေး၊ ခွေးရူးရောဂါကာကွယ်ဆေးထိုးနှံပေးခြင်း၊ မွေးမြူသူကိုယ်တိုင် မိမိ၏တိရစ္ဆာန် (ခွေး၊ ကြောင်) များကို ကောင်းမွန်စွာ ကြည့်ရှုစောင့်ရှောက်သည့် အလေ့အထများ ရှိလာစေရန်ရည်ရွယ်၍ ထိုးနှံပေးခြင်းဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)