နောင်ချို ဇန်နဝါရီ ၈
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်အတွင်းရှိ တောင်သူများအား စိုက်ပျိုးရေးဦးစီးဌာနမှ G.A.P လက်မှတ်များကို ယနေ့ နံနက်(၉)နာရီအချိန်က စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ G.A.P လက်မှတ်များပေးအပ်ပွဲတွင် ကျောက်မဲခရိုင်ဦးစီးမှူး ဦးဝင်းထင်စိုးက အဖွင့်အမှာစကား ပြောကြားရာတွင် G.A.P နှင့် ပက်သက်၍ အချက်(၄)ချက်ရှိကြောင်း၊ တောင်သူများအနေဖြင့် စိုက်ပျိုးသီးနှံများ စိုက်ပျိုးသည်မှစ၍ စားသုံးသူများထံသို့ ရောက်သည်အထိ အဆိပ်အတောက် မဖြစ်ရန်၊ ဘေးအန္တရာယ်မဖြစ်စေရန် အဓိကထား၍ စိုက်ပျိုးစေလိုကြောင်း၊ ရိတ်သိမ်းသီးနှံများ ရိတ်သိမ်းရာတွင်လည်း အချိန်မလွန်စေရန်၊ ရိတ်သိမ်းသီးနှံများ သိုလှောင်ရာတွင်လည်း စနစ်တကျ သိုလှောင်ထားရမည်ဖြစ်ကြောင်း၊ မိမိကြောင့် သဘာဝ ပတ်ဝန်းကျင် ညစ်ညမ်းမှုမရှိစေရေးအတွက် ထိန်းသိမ်းရန်အဓိကလိုကြောင်း ပြောကြားခဲ့ပြီး နောင်ချိုမြို့နယ် ဦးစီးမှူးဦးအောင်ကျော်က G.A.P လျှောက်ထားခြင်းဆိုင်ရာ လုပ်ငန်းစဉ်များအကြောင်း ဆွေးနွေးခဲ့ပြီး စိုက်ပျိုးရေးနှင့် ပက်သက်၍ တောင်သူများအနေဖြင့် လိုအပ်သည် များကို အနီးကပ်ပူးပေါင်း ကူညီပံ့ပိုးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ နောင်ချိုမြို့နယ်အတွင်ရှိ G.A.P လက်မှတ်ရတောင်သူ(၄၀)ဦး၏ မြေဧက (၁၂၈၈.၅၈)အတွက် G.A.P အသိအမှတ်ပြု လက်မှတ်များကို စိုက်ပျိုးရေးဦးစီးဌာနမှ ပေးအပ်ခဲ့ကြပြီး တက်ရောက်လာသော တောင်သူများမှ သိရှိလိုသည်များ မေးမြန်းမှုအပေါ် တာဝန်ရှိသူများက ပြန်လည် ဖြေကြားခဲ့ကြောင်း သိရသည်။
ထွေးငယ်(နောင်ချို-ပြန်/ဆက်)