ကျောက်ဆည် ဖေဖော်ဝါရီ ၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ကျောက်ဆည်မြို့နယ်အတွင်းရှိ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး၊ ထုတ်ကုန်များ လုံခြုံစိတ်ချမှုရှိရေး၊ ဥပဒေနှင့်အညီ ထုတ်လုပ်ရေး စဉ်ဆက်မပြတ် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ကျောက်ဆည်မြို့နယ်အတွင်းရှိ စားသောက်ကုန် ထုတ်လုပ်သည့် လုပ်ငန်းများသို့ကွင်းဆင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ရာ၌ ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇာ်မင်းလတ်နှင့်ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများပူးပေါင်း၍ မြပုလဲ၊ ရတနာတိုးမုန့်တီ/ခေါက်ဆွဲ ထုတ်လုပ်ရောင်းချသည့် လုပ်ငန်းခွင်များသို့ ကွင်းဆင်း၍ ထုတ်ကုန်များတွင် ပါဝင်သည့် ပါဝင်ပစ္စည်းများ၊ ထားသိုနည်းများ၊ စားသုံးရန်အညွှန်းများ၊ သတိပြုရန်အချက်အလက်များ ပြည့်စုံမှုရှိရေး ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ကျောက်ဆည်ခရိုင် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးကို အားပေးလျက်ရှိပြီး ပါဝင်သည့်ပစ္စည်းများ သတ်မှတ်အရည်အသွေးနှင့်ပြည့်မီရေးနှင့် လုပ်ငန်းခွင်၌ မှန်ကန်စွာသုံးစွဲရေး၊ ကုန်ချောများထုတ်လုပ်ရာ၌ ကျန်းမာရေးနှင့်အညီ သန့်ရှင်းသပ်ရပ်စွာထုပ်ပိုး၍ ဖြန့်ချီ၍ အလေးထားဆောင်ရွက်ရေး၊ ကုန်အညွှန်းအမှတ်သားများ ပြည့်စုံမှန်ကန်စွာ ထည့်သွင်းဖော်ပြရေး၊ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစွာ စားသုံးနိုင်ရေးနှင့် သက်ဆိုင်ရာ ဌာနများ၏ ပြဌာန်းချက်များ လိုက်နာစေရေးများကို စိစစ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)