သာစည်မြို့၌ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့်လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေးဆွေးနွေး

သာစည် ဖေဖော်ဝါရီ ၅

မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်၌ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့် လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒေါက်တာဝတ်မှုံအောင်က မွေးကင်းစမှ အသက် (၂)လ၊  (၄) လ၊ (၆) လ၊ (၉) လနှင့် (၁၈) လ ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံတိုက်ကျွေး ခြင်းလုပ်ငန်းအပြင် ကျောင်းနေအရွယ် ကလေးငယ်များအား ကျောင်းအခြေပြု ဆုံဆို့-မေးခိုင် (DT) ကာကွယ်ဆေး၊ အသက်(၉)နှစ်မှ (၁၁)နှစ်အရွယ် အမျိုးသမီးငယ်များအားသားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV)ကိုလည်းကောင်း၊ ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်-ဆုံဆို့နာ (Td) ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိပြီး၊ ပုံမှန်ကာကွယ် ဆေးထိုးလုပ်ငန်းအပြင် ကာကွယ်ဆေး လွှမ်းခြုံမှု  ပိုမိုအားကောင်းလာစေရန်အတွက်  ကလေးတိုင်းထံသို့ ရောက်ရှိအောင် နည်းလမ်းမျိုးစုံ ဖြင့် အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲသောဒေသများတွင် နေထိုင်သည့်ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးငယ်များအတွက် ကာကွယ်ဆေးများကို ထိုးနှံတိုက်ကျွေးရေး သက်ဆိုင်ရာအဖွဲ့အစည်းများဖြင့် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး အဆင့်-၄ ဒေါ်ရီလွင်က ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းလုပ်ငန်းများနှင့်ပတ်သက်၍ ဆောင်ရွက်လျက်ရှိသော အခြေအနေများနှင့် ဆက်လက်ဆောင်ရွက် ရမည့်အချက်များကို ရှင်းလင်းတင်ပြရာ တက်ရောက် လာသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)