မြစ်သားမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးကင်းစမှ (၁)နှစ်ခွဲအောက်ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံ တိုက်‌ကျွေးပေးခြင်းများ ဆောင်ရွက်

မြစ်သား ဖေဖော်ဝါရီ ၅ 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ကျန်းမာရေးဆရာမများနှင့်သားဖွားဆရာမများမှ မြို့ပေါ် ၆ ရပ်ကွက်ရှိ ကိုယ်ဝန်ဆောင် မိခင်များနှင့် မွေးကင်းစမှ ၁ နှစ်ခွဲအောက်ကလေးငယ်များအား ဖေဖော်ဝါရီ ၄ ရက် နံနက် ၉ နာရီက စတင်ပြီးလစဉ်ပုံမှန်ကာကွယ် ဆေးထိုးနှံတိုက်‌ကျွေးပေးခြင်းကို မြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေးဌာနရုံးခန်းတွင် ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ကာကွယ်ဆေးများထိုးနှံတိုက်‌‌ကျွေးပေးရာတွင် မြို့ပေါ်  ၆ ရပ်ကွက်ရှိ မွေးကင်းစမှ ၁ နှစ်ခွဲအောက် ကလေးငယ်များကို ပုံမှန်ကာကွယ် ဆေးများဖြစ်သည့် ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ (ဘီ) ပိုး၊ ဦးနှောက်အမေးရောင်ငါးမျိုးစပ်ကာကွယ်ဆေးနှင့် ပိုလီယို အကြောသေ၊ ဝက်သက်၊ ဂျိုက်သိုး၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော (ရိုတာ)၊ ပြင်းထန်အဆုတ်ရောင် (ပီစီဂျီ)နှင့်ဂျပန် ဦးနှောက်ရောင်ရောဂါကာကွယ်ဆေးများကို အသက်အရွယ်အပိုင်းအခြား အလိုက်ထိုးနှံတိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်၊ ဆုံဆို့ကာကွယ်ဆေးများကို ကျန်းမာရေးဝန်ထမ်းများက စနစ်တကျ ထိုးနှံတိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။ မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ ကျန်းမာရေးဆရာမများနှင့် သားဖွားဆရာမတို့က ကိုယ်ဝန်ဆောင်မိခင်များနှင့်မွေးကင်းစမှ ၁ နှစ်ခွဲအောက်ကလေးငယ်များအား လစဉ်သတ်မှတ်ရက်များတွင် ကာကွယ်ဆေးများကို ဆက်လက်ထိုးနှံတိုက်ကျွေးပေးသွားမည်ဖြစ်ကြောင်း မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ဝါဝါမြင့် (မြစ်သား)