လင်းခေးမြို့နယ်၌ သဘာဝဘေးကြောင့်ပျက်စီးခဲ့သည့် နှမ်းသီးနှံ (၅၇) ဧကအတွက် အမျိုးသားသဘာဝဘေးရန်ပုံငွေမှ သွင်းအားစု(မြေသြဇာ)နှင့် စိုက်ပျိုးစရိတ်ထောက်ပံ့ပေးအပ်ပွဲအခမ်းအနား ကျင်းပ

လင်းခေး ဖေဖော်ဝါရီ ၅

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ လင်းခေးမြို့နယ်၌ (၂၀၂၅-၂၀၂၆)ခုနှစ် (၁-၇-၂၀၂၅) ရက်နေ့ထိ သဘာဝဘေးကြောင့် ပျက်စီးခဲ့သည့် နှမ်းသီးနှံ (၅၇)ဧကအတွက် သွင်းအားစု(မြေသြဇာ)နှင့် စိုက်ပျိုးစရိတ်ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုဦးက အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်အေးမို့မို့ထွန်းက သီးနှံများ၏ စိုက်ပျိုးနည်းစနစ်များ၊ မျိုးကောင်းမျိုးသန့် ပြောင်းလဲသုံးစွဲခြင်းအကျိုးကျေးဇူးများအကြောင်း၊ ခရိုင်မြေအသုံးချရေးတာဝန်ခံ ဒေါ်ဆွေဇင်မြင့်က ဓာတ်မြေသြဇာများအား အချိန်ကိုက် အချိုးကျသုံးစွဲနည်းနှင့် မြေဆီလွှာထိန်းသိမ်းနည်းစနစ်များအကြောင်း အသိပညာပေးပြောကြားခြင်းနှင့် မြို့နယ်ဦးစီးမှူး ဦးလှငြိမ်းခိုင်က အဆိုပါထောက်ပံ့ပေးအပ်ပွဲပြုလုပ်ရခြင်းနှင့် စပ်လျဉ်းသည်များအား ရှင်းလင်းတင်ပြခဲ့ပါသည်။

ယင်းနောက် လင်းခေးမြို့နယ်၊ ဒါးဆိပ်ကျေးရွာအုပ်စု၊ ပင်ထနောင်းကျေးရွာ ကွင်း (၃)ကွင်းမှ တောင်သူ (၃၂)ဦး၏ စုစုပေါင်း ပျက်စီးဧက (၅၇)ဧကအတွက် တစ်ဧကလျှင် ကျပ် (၁၆၄၄၁၃)၊ ယူရီးယားဓာတ်မြေသြဇာတစ် အိတ်(၄၀၀၀၀ိ/-)နှုန်းနှင့် ငွေသားကျပ်(၁၂၄၄၁၃ိ/-)တို့ကို တောင်သူများထံ ထောက်ပံ့ပေးအပ်ခဲ့ကြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်ပါသည်။

အခမ်းအနားအပြီး တာဝန်ရှိသူတို့က တက်ရောက်လာသည့် တောင်သူများအား စိုက်ပျိုးရေးအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြကြောင်း သတင်းရရှိသည်။

စိုင်းဇော်လတ်(လင်းခေး)