ကြံခင်း ဇန်နဝါရီ ၈
ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ရောဂါအန္တရာယ်မှ ကင်းဝေးစေရန် နှာခေါင်းစည်း Mask များ အခမဲ့ပေးဝေခြင်းနှင့် အသိပညာပေးနှိုးဆော်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက ကြံခင်းမြို့ ရေနံတောင်အုပ်စုရှိ ရပ်/ကျေး အုပ်ချုပ်ရေးမှူး ရုံးရှေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကြံခင်းမြို့နယ် ရေနံတောင်အုပ်စုအတွင်းရှိ ပြည်သူများအား ယခုအခါ ကိုဗစ်-၁၉ရောဂါ ကူးစက်မှုနှုန်း များပြားလာသဖြင့် မဖြစ်မနေ အိမ်အပြင်ထွက်ပါက နှာခေါင်စည်း Mask စနစ်တကျ တပ်ဆင် သွားလာကြရန်၊ အပြင်မှပြန်လာပါက လက်ကိုစက္ကန့်(၂၀)ကြာ စနစ်တကျ ဆေးကြောရန်၊ တစ်ဦးနှင့်တစ်ဦး (၆)ပေခြားအကွာနေရန်၊ လူစုလူဝေးရှောင်ရှားကြရန်စတဲ့ အချက်များကို Hand Speaker ဖြင့် အသိပညာပေး နှိုးဆော်ခဲ့ကြကြောင်း၊ ထို့ပြင် နှာခေါင်းစည်း Mask အခု(၂၀၀)အား အခမဲ့ဖြန့်ဝေပေးခြင်းများကို ကြံခင်းမြို့ ရေနံတောင် ကျန်းမာရေးမှူး ဦးမိုးဝင်းအောင်၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူး ဦးစိုးဝင်း၊ ရေနံတောင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ကြည်ကြည်စိန်နှင့် လူမှုရေး အဖွဲ့အစည်းများက ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အလားတူ ကြံခင်းမြို့ မြို့မရပ်ကွက် မက်သနောလမ်းမကြီးတွင်လဲ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဒေါ်ခင်စန်းနှင့်အဖွဲ့၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူး ဦးမြင့်သန်းနှင့် တာဝန်ရှိသူများက ကိုဗစ်-၁၉ရောဂါ အန္တရာယ်မှ ကာကွယ်နိုင်ရန် ပြည်သူများအား နှာခေါင်းစည်း Mask အခု(၅၀၀) အခမဲ့ဖြန့်ဝေ ပေးခဲ့ကြကြောင်း သိရသည်။
မိုးမိုး(ပြန်/ဆက်)