နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ငလျင်ဘေးပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး၊ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားတွင် တက်ရောက်ပါဝင်ဆင်နွှဲမည့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များအား တွေ့ဆုံနှုတ်ဆက်

နေပြည်တော် ဖေဖော်ဝါရီ ၅

‌နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ ဖေဖော်ဝါရီလ ၃ ရက်နေ့ နံနက်ပိုင်းက မန္တလေးငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးသွားသည့် ဈေးများ ဌာနကွပ်ကဲမှုအောက် နေပြည်တော်မြို့မဈေးသို့သွားရောက်ပြီး ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊  နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေ၊ ငွေလုံးငွေရင်းသဘော(ဖြည့်စွက်)ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် (A ၊ B ၊ C ၊ D)ရုံများ ပြန်လည်ပြုပြင်တည်ဆောက်နေမှုလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား လုပ်ငန်းအရည်အသွေးပြည့်မီစွာ ဆောင်ရွက်ရန်၊ သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းနှင့်အညီ ပြီးစီးအောင်ဆောင်ရွက်ရန်၊ ဈေးအရှေ့ဘက် ယာဉ်ရပ်နားရန်နေရာတို့တွင် ယာယီရောင်းချခွင့်ပြုထားသော ဈေးရောင်းချသူများအား အတွင်းရုံ (A၊ D)ရုံများသို့ ပြန်လည်ရွှေ့ပြောင်းရောင်းချနိုင်ရေး ဆောင်ရွက်သွားရန်၊ ဈေးတောင်ဘက်မျက်နှာစာ Landscaping လုပ်ငန်းများ လှပအောင်ဆောင်ရွက်သွားရန်၊ ရေစီးရေလာကောင်းမွန်စေရေးလုပ်ငန်းများ ဆောင်ရွက်သွားရန်နှင့် ဈေးသန့်ရှင်း၊ သပ်ရပ်၊ သာယာ၊ လှပ၊ စိမ်းလန်း၊ စိုပြည်ရေးလုပ်ငန်းများ အလေးထားဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့သည်။

ယင်းနောက် ယနေ့နံနက်ပိုင်းတွင် ၂၀၂၆ ခုနှစ်၊ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေးစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဦးသန်းထွန်းဦးသည် နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ မင်္ဂလာခန်းမ၌ ကျင်းပပြုလုပ်သော (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားတွင် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအကများဖြင့် တက်ရောက်ပါဝင်ဆင်နွှဲမည့် မကွေးတိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များအား တွေ့ဆုံနှုတ်ဆက်သည့် အခမ်းအနားသို့ တက်ရောက်ခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲအခမ်းအနားသို့ ဆပ်ကော်မတီအသီးသီးမှဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ၊ ကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့ခေါင်းဆောင်များနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

ထိုသို့တွေ့ဆုံစဉ် နေပြည်တော်ကောင်စီဥက္ကဋ္ဌ  ဦးသန်းထွန်းဦးက မကွေးတိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုအကများကို အပြန်အလှန်ဖလှယ်နိုင်စေရန်အတွက် ရည်ရွယ်၍ ဖိတ်ကြားရခြင်းဖြစ်ကြောင်း၊ တိုင်းရင်းသားညီအစ်ကိုမောင်နှမအားလုံးတို့တွင် မိမိတို့၏မျိုးနွယ်အလိုက်၊ လူမျိုးစုအလိုက် အလှကိုယ်စီရှိပါကြောင်း၊ ပြည်ထောင်စုနေ့အမျိုးသားရေးဦးတည်ချက်များနှင့်အညီ တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံး စည်းလုံးညီညွတ်စွာ အတူတကွလက်တွဲ၍ ပြည်ထောင်စုနေ့အမျိုးသားရေးဦးတည်ချက်ပါ ပြည်ထောင်စုစိတ်ဓာတ်၊ ဗြဟ္မစိုရ်တရားနှင့် စစ်မှန်သော မျိုးချစ်စိတ်များဖြင့် ပြည်ထောင်စုကြီး အဓွန့်ရှည်တည်တံ့ဖွံ့ဖြိုးတိုးတက်အောင် အကောင်အထည်ဖော်ဆောင်ရွက်ရေး၊ ပြည်ထောင်စုတိုင်းရင်းသားအားလုံး တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးတို့အတွက် နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့်ပြည်သူ အတူတကွ လက်တွဲကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံး ကျစ်လစ်ခိုင်မာသည့် ညီညွတ်သော စုစည်းအင်အားဖြင့် နိုင်ငံတော်ကြီး ထာဝစဉ်တည်တံ့ခိုင်မြဲအောင် ဆက်လက်ကြိုးပမ်းတည်ဆောက်သွားမည်ဆိုပါက ပြည်နယ်နှင့် တိုင်းဒေသကြီးများအားလုံးသည် တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအနေဖြင့်လည်း တိုင်းဒေသကြီးနှင့်ပြည်နယ်၊ တောင်ပေါ်မြေပြန့်မခွဲခြားဘဲ တိုင်းဒေသကြီးနှင့် ပြည်နယ်များအားလုံး ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းရင်းသားညီအစ်ကိုမောင်နှမများ၏ ခံစားသင့်ခံစားထိုက်၊ ရသင့်ရထိုက်သည့် အခွင့်အရေးများကိုလည်း ဦးစားပေးပုံဖော်လျက်ရှိပါကြောင်း၊ တိုင်းရင်းသားညီအစ်ကိုမောင်နှမများ၏ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းအစဉ်အလာများ ဖွံ့ဖြိုးတိုးတက်တည်တံ့ခိုင်မြဲစေရန်၊ ထိန်းသိမ်းကာကွယ်နိုင်ရန်နှင့် မြှင့်တင်နိုင်ရန်တို့အတွက်လည်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်အကြီးအကဲနှင့် ဧည့်သည်တော်များကို မိမိတို့၏ရိုးရာယဉ်ကျေးမှုအကများဖြင့် မြန်မာနိုင်ငံသားဟူသော ပြည်ထောင်စုစိတ်ဓာတ်ကို ဖော်ထုတ်ကပြသွားကြရမည်ဖြစ်ကြောင်း၊ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့ဝင်များအနေဖြင့် မြန်မာနိုင်ငံအနှံ့အပြားမှ နေပြည်တော်သို့ လာရောက်ခဲ့ကြသည်ဖြစ်၍ ရာသီဥတုသဘာဝချင်း ကွဲပြားနိုင်သည့်အတွက် ကျန်းမာရေးကို အထူးဂရုပြုနေထိုင်ရန်လိုကြောင်းနှင့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့ဝင်များအနေဖြင့် စည်းကမ်းတကျ၊ ပျော်ပျော်ရွှင်ရွှင်၊ စည်းစည်းလုံးလုံးဖြင့် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား အောင်မြင်စွာ ပြီးမြောက်နိုင်ရေးအတွက် ပူးပေါင်းပါဝင်ဆောင်ရွက်ရန်လိုကြောင်း ကြိုဆိုနှုတ်ဆက်စကား ပြောကြားခဲ့သည်။

ထို့နောက် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားသို့ တက်ရောက်ဖျော်ဖြေမည့် မကွေးတိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များဖြစ်သည့် ကချင်ပြည်နယ်မှ (၄၀)ဦး၊ ကယားပြည်နယ်မှ (၃၅)ဦး၊ ကရင်ပြည်နယ်မှ (၄၀) ဦး၊ ချင်းပြည်နယ်မှ (၃၆) ဦး၊ မကွေးတိုင်းဒေသကြီးမှ (၃၆)ဦး၊ မွန်ပြည်နယ်မှ (၃၇)ဦး၊ ရခိုင်ပြည်နယ်မှ (၄၀)ဦးနှင့် ရှမ်းပြည်နယ်မှ (၄၀) ဦး၊ စုစုပေါင်း(၃ဝ၄)ဦးတို့အား (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေး စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့သည်။

အဆိုပါ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့ဝင်များသည် နေပြည်တော်၏ဖွံ့ဖြိုးတိုးတက်မှုများကို ကြည့်ရှုလေ့လာရန် နေပြည်တော်၏ အထင်ကရနေရာများဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၊ အမျိုးသားအထိမ်းအမှတ်ဥယျာဉ်၊ ရေပန်းဥယျာဉ်၊ နက္ခတ်တာရာပြခန်းနှင့် အမျိုးသားပြတိုက်တို့ကို သွားရောက်ကြမည်ဖြစ်ကြောင်း သိရှိရသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများလိုက်ပါလျက်  ၂၀၂၆ ခုနှစ် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားသို့ တက်ရောက်မည့် တိုင်းဒေသကြီးနှင့် ပြည်နယ်ကိုယ်စားပြု ယဉ်ကျေးမှုအဖွဲ့များ တည်းခိုနေထိုင်သော ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်စည်ပင်ဧည့်ရိပ်သာသို့ သွားရောက်၍ စားသောက်ဆောင်များ၊ အိပ်‌ဆောင်များ၊ စပ်ကော်မတီရုံးခန်းများ၊ ဈေးဆိုင်များ ခင်းကျင်းရောင်းချနေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားကာ ယဉ်ကျေးမှုအဖွဲ့များအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သိရသည်။

အောင်မျိုးဝင်း(ဥတ္တရ)