မိုင်းငေါ့ ဇန်နဝါရီ ၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြိုတွင် မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ် ဆေး တိုက်ကျွေးထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်(၉)နာရီ အချိန်ခန့်က မိုင်းငေါ့တိုက်နယ် ကျန်းမာရေးဌာနတွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ထို့သို့ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ထမ်းများမှ အသက် (၂)နှစ်အောက် ကလေးငယ်များအား ဘီစီဂျီ၊ ပြင်းထန်အဆုတ်ရောင်၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်ကာကွယ်ဆေး၊ အသည်းရောင် အသားဝါ(ဘီ)ပိုး၊ ဦးနှောက်အမြှေးရောင်၊ (၅)မျိုးစပ်ကာကွယ်ဆေး၊ ဝက်သက်၊ ဂျိုက်သိုး၊ ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေးများထိုးနှံပေးခြင်း၊ ပိုလီယို၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ဖြစ်စေတတ်သော (Rota) ကာကွယ် ဆေးများ တိုက်ကျွေးပေးပြီး ကလေးငယ်များအား ပေါင်ချိန်၍ ကိုယ်ကလေးချိန် မှတ်တမ်းရယူခြင်းစသည် ကျန်းမာရေး စောင့်ရှောက်မှု များကို ဆောင်ရွက်ပေးလျက်ရှိသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံရာတွင် ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် လက်ကိုစနစ်တကျ ဆေးရန်၊ (Mask)နှာခေါင်းစည်းများ တပ်ဆင်ပြီးမှ သွားလာကြရန် စသည့်ကျန်းမာရေး အသိပညာပေးခြင်းများကိုလည်း ပြုလုပ်ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
မြင့်သွယ်(မိုင်းငေါ့ ပြန်/ဆက်)