ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ကျောက်မျက်မော်ဘုရားပတ်ဝန်းကျင်အနီး ရှိခြုံနွယ်ပိတ်ပေါင်းများရှင်းလင်း

ညောင်ဦး ဇန်နဝါရီ ၈

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ကျောက်မျက်မော်ဘုရားပတ်ဝန်းကျင်ရှိ ခြုံနွယ် ပိတ်ပေါင်းများ ရှင်းလင်းခြင်းကို ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနနှင့် ပုဂံ-ညောင်ဦးခရီးစဉ်ဒေသ စီမံခန့်ခွဲရေးကော်မတီ (DMO) တို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် ကျောက်မျက်မော်ဘုရားပတ်ဝန်းကျင် ခြုံနွယ်ပိတ်ပေါင်းများ ရှင်းလင်းခြင်းကို ယနေ့နံနက် ၆ နာရီအချိန်မှ စတင်ရှင်းလင်းခဲ့ကြောင်း သိရသည်။

ပုဂံ-ညောင်ဦး ရှေးဟာင်းယဉ်ကျေးမှုနယ်မြေ မြင်းကပါရွာ၏ တောင်ဘက်ရှိ ကျောက်မျက်မော် ဘုရားပတ်ဝန်းကျင်ရှိ ကန္တာရပင်များ၊ ပလတ်စတစ်အမှိုက်များ၊ ဖော့ဘူးခွံများ၊ ရှင်းလင်းခြင်း အား ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ဦးဝင်းအောင် (ဒုတိယညွှန်ကြားရေးမှူး)၊ ဦးမျိုးမင်းအောင် (လက်ထောက်ညွှန်ကြားရေးမှူး) နှင့်ဝန်ထမ်းများ၊ ပုဂံ-ညောင်ဦး ခရီးစဉ်ဒေသ စီမံခန့်ခွဲရေးကော်မတီ (DMO) အဖွဲ့ဝင်များ၊ ပုဂံ-ညောင်ဦးအခြေစိုက် အသင်းအဖွဲ့များ ပူးပေါင်း ၍ ကျောက်မျက်မော်ဘုရားပတ်ဝန်းကျင်တွင် ပိတ်ဆို့ကာကွယ်နေသော ကန္တာရပင်များ၊ ခြုံနွယ်များ၊ ပေါင်းမြက်များ၊ ပလတ်စတစ်အမှိုက်များ၊ တစ်ခါသုံးဖော့ဘူးခွံများကို ရှင်းလင်းခဲ့ ကြောင်း ဦးမျိုးမင်းအောင် (လက်ထောက်ညွှန်ကြားရေးမှူး) ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာနမှ ပြောကြားခဲ့သည်။

ဝင်းထိန်