မြိတ်မြို့ လူမှုဖူလုံရေးရုံးတွင် လုပ်ငန်းခွင်ပြင်ပ မတော်တဆထိခိုက်မှုကြောင့် ကျန်ရစ်သူ ငွေကြေး အကျိုးခံစားခွင့် ထုတ်ပေး

မြိတ် ဖေဖော်ဝါရီ ၆

အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့မှ လုပ်ငန်းခွင်ပြင်ပမတော်တဆထိခိုက်မှုကြောင့် သေဆုံးခြင်းအတွက် ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီ ကျန်ရစ်သူငွေကြေး အကျိုးခံစားခွင့်များကို ဖေဖော်ဝါရီ (၆)ရက် နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် လူမှုဖူလုံရေးရုံးတွင် ကျန်ရစ်သူအား အကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးသည်။

လုပ်ငန်းခွင်ပြင်ပ မတော်တဆထိခိုက်မှုကြောင့် သေဆုံးသူသည် အာမခံအလုပ်သမား ဦးရဲသီဟလင်းဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော Majar Media International Adverting Ltd ၏ မြိတ်ရုံးခွဲ၌ တာဝန်ထမ်းဆောင်သူဖြစ်ကာ အကျိုးခံစားခွင့်များကို ကျန်ရစ်သူအား ရုံးခွဲတာဝန်ခံ၊ နယ်မြေတာဝန်ခံ၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် အလုပ်ဌာနတာဝန်ရှိသူများ၏ရှေ့တွင် ပေးအပ်ခြင်းဖြစ်သည်။

အကျိုးခံစားခွင့်များ‌ ပေးအပ်ရာတွင် လူမှုဖူလုံရေးရုံးမှ ဦးစီးအရာရှိ ဒေါ်မိုးမိုးခိုင်က အကျိုးခံစားခွင့်များအကြောင်း ရှင်းလင်းပြောကြားပြီး အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စုစန္ဒီဝင်းက လုပ်ငန်းခွင်ပြင်ပ မတော်တဆထိခိုက်မှုကြောင့် သေဆုံးခြင်းအတွက် ကျန်ရစ်သူ ငွေလုံးငွေရင်း ကျပ်(၇၅)သိန်းကို သေဆုံးသူ၏ ဇနီးဖြစ်သူ ဒေါ်မြတ်မြတ်ခိုင် ထံသို့ လက်ဝယ်ပေးအပ်ကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ဆက်)