ပျဉ်းမနားမြို့နယ်တွင် အဆင့်မြှင့်တင်ပေးမည့် ကျေးလက်ကုန်ထုတ်လမ်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပျဉ်းမနား     ဇန်နဝါရီ    ၈

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ပျဉ်းမနားမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၀ -၂၀၂၁ ဘဏ္ဍာ ရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် အဆင့်မြှင့်တင် ခင်းကျင်းဆောင်ရွက်ပေးမည့် မြို့နယ်အတွင်းရှိ  ကျေးရွာများမှ  ကုန်ထုတ်လမ်းများအား ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနဦးစီးမှူး ဦးဝင်းဇော်နှင့် တာဝန်ရှိသူများက ကွင်းဆင်း‌ကြည့်ရှု စစ်ဆေး သည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ပျဉ်းမနားမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးဝင်းဇော်၊ ဦးစီးအရာရှိ (နည်းပညာ) ဒေါ်နွယ်မိုးသူနှင့် တာဝန်ရှိသူများသည် ကျေးလက် ကုန်ထုတ်လမ်းဆောင်ရွက်မည့် နတ်သူရဲကျေးရွာရှိ ကုန်ထုတ်လမ်း အမှတ်(၁)၊ အမှတ်(၂)၊ အမှတ်(၃)၊ အမှတ်(၄)လမ်းနှင့် ရွာသစ်ကျေးရွာတို့တွင်ကုန်ထုတ်လမ်း အရှည် (၁၂၇၀၀‌) ပေနှင့် pipe convert တစ်စင်းဆောင်ရွက် နိုင်ရေးအတွက် လမ်းမျက်နှာပြင် တိုင်းတာခြင်းနှင့် မြေသားအခြေအနေတို့အား ကြည့်ရှုဆောင်ရွက်ပြီး အဆိုပါ လမ်းများကို ဇန်နဝါရီလ ဒုတိယအပတ်တွင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ မြို့နယ်ဦးစီးမှူးနှင့်အဖွဲ့သည် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ သက်ဆိုင်ရာ‌ ကျေးရွာလမ်းကော်မတီများ၊ တင်ဒါ အောင်မြင်သည့် ကုမ္ပဏီမှတာဝန်ရှိသူများနှင့် တွေ့ဆုံကာ  လုပ်ငန်းဆောင်ရွက်မည့် အစီအစဉ်များချပြဆွေးနွေးခြင်း၊ ကျေးရွာကော်မတီက ဆောင်ရွက်ရမည့် ကုန်ထုတ်လမ်း လက်စွဲပါဖြည့်သွင်းရမည့် ပုံစံများစနစ်တကျ ဖြည့်သွင်းနိုင်ရေး‌ ရှင်းလင်းခြင်းနှင့် ကျေးရွာကော်မတီနှင့် ကုမ္ပဏီကဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးကြောင်း သိရသည်။

စိုးမိုး(ပြန်/ဆက်)