တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို တက္ကသိုလ်ဝင်စာမေးပွဲကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

ထားဝယ် ဖေဖော်ဝါရီ ၆

တနင်္သာရီတိုင်းဒေသကြီးအတွင်း ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက ကျောင်းသား/ကျောင်းသူများ တစ်နှစ်ပတ်လုံးကြိုးစားပြီး ဘဝ၏လိုအပ်ချက်အတွက် အရေးကြီးသောစာမေးပွဲ ဖြစ်သောကြောင့်  စာမေးပွဲအောင်မြင်စွာဖြေဆိုနိုင်ရေး ရည်ရွယ်ပြီး အစည်းအဝေးကို ခေါ်ယူခြင်းဖြစ်ကြောင်း၊ ပညာရေးဌာနမှ ဆရာ/ ဆရာမများအနေဖြင့် မေးခွန်းယူ/ဖြန့်ဝေမှုများ၊ စာမေးပွဲကျင်းပနေသည့် အချိန်တွင် ကျောင်းသား/ကျောင်းသူများ စာမေးပွဲအေးချမ်းစွာဖြေဆိုနိုင်ရေး စသည့်များကို စီမံချက်ရေးဆွဲပြီး ဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း၊ စာမေးပွဲဖြေဆိုနေစဉ်အတွင်း လုံခြုံရေးအား အထူးဂရုစိုက်ဆောင်ရွက်ပေးကြရန်နှင့် ကျောင်းသား/ကျောင်းသူများအား စာမေးပွဲဖြေဆိုနေစဉ် ကာလအတွင်း ကျန်းမာရေးစောင့်ရှောက်မှုများကို ကြိုတင်ပြီး ဆောင်ရွက်ထားရှိရန် လိုအပ်ကြောင်း၊ အဓိကအနေဖြင့် စာမေးပွဲဖြေဆိုနေစဉ်ကာလတွင် သက်ဆိုင်ရာခရိုင်/မြို့နယ်များမှ တာဝန်ရှိသူများက ကျောင်းသား/ကျောင်းသူများ ဖြေဆိုနိုင်ရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း၊ စာမေးပွဲသည် နိုင်ငံတော်အတွက် အရေးကြီးကြောင်း၊ ကျောင်းများအား သန့်ရှင်းသပ်ရပ်စွာ စီစဉ်ဆောင်ရွက်ထားရှိရန်လိုအပ်ကြောင်း၊ လာမည့်နှစ်များတွင် ပိတ်ထားရသည့် ကျောင်းများအား ဖွင့်လှစ်နိုင်ရေးဆောင်ရွက်ပေးရန် လိုအပ်ပြီး ဒေသခံကျောင်းသားမိဘများက တောင်းဆိုထားမှုများလည်းရှိကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲကိုလည်း ဖြေဆိုနိုင်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်လိုအပ်သည်များကို ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ ကျောင်းသား/ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနိုင်ရေးအတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးဦးသက်နိုင်က တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပနိုင်ရေးအတွက် ကော်မတီများ ဖွဲ့စည်းဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် စီမံချက်များအား ရှင်းလင်းဆွေးနွေးပြောကြားပြီး တက်ရောက်လာသော ဌာနဆိုင်ရာများက ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ၊ ပူးပေါင်းဆောင်ရွက်သွားမည့်လုပ်ငန်းများအား ရှင်းလင်းဆွေးနွေးတင်ပြကာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)