ညောင်ဦး ဇန်နဝါရီ ၈
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ဥပြန်စိုက်ကြက်သွန်နီခေါ် ဇော်မွှားကြက်သွန်နီ စိုက်ပျိုးတောင်သူများ တူးဖော်ရောင်းချချိန် ကြက်သွန်နီတစ်ပိသာ ၄၅၀ ကျပ်သာ ရောင်းချနေရ ကြောင်း ညောင်ဦးမြို့နယ် ကြအိုကျေးရွာ ဥပြန်ကြက်သွန်နီစိုက်တောင်သူ ဦးမောင်ဌေး ထံက သိရသည်။
ဥပြန်ကြက်သွန်နီခေါ် ဇော်မွှားကြက်သွန်နီစိုက်ပျိုးခြင်းအား ညောင်ဦးမြို့နယ် ဧရာဝတီမြစ်ရေ ကျပြီး မြေနုကျွန်းပေါ်ချိန် တော်သလင်းလ၊ သီတင်းကျွတ်လတို့တွင် စတင်စိုက်ပျိုးကြပြီး နတ်တော်လ၊ ပြာသိုလတို့တွင် နှုတ်သိမ်းတူးဖော်ရောင်းချလေ့ရှိကြောင်း၊ ဥပြန်စိုက် ကြက်နီခေါ် ဇော်မွှားကြက်သွန်နီစိုက်ပျိုးခြင်းသည် ဆောင်းကြက်သွန်ခေါ် လှောင်ကြက်သွန် စိုက်ပျိုးခြင်း လောက် ကရိကထမများသော်လည်း ကြက်သွန်ပေါ်ချိန်သည် ဆောင်းကြက်သွန်ခေါ် လှောင်ကြက်သွန်ရှားပါးပြီး ဈေးနှုန်းကြီးမြင့်ချိန်တွင် ပေါ်လာခဲ့ခြင်းကြောင့် ဆောင်းကြက်သွန်နီ စိုက်ပျိုးသူများထက် ဥပြန်စိုက်တောင်သူများ ဈေးကွက်ပို၍ရရှိတတ်ပြီး တွက်ခြေကိုက်ကြောင်း ဥပြန်စိုက်တောင်သူများက ရှင်းပြသည်။
ဥပြန်စိုက်ကြက်သွန်နီ စိုက်ပျိုးခြင်းများအား ဧရာဝတီမြစ်ရေကျချိန် မြေနုကျွန်းများတွင် အမြောက်အများ စိုက်ပျိုးကြပြီး ဆောင်းကြက်သွန်ခေါ် လှောင်ကြက်သွန်များကို ရေရရှိသည့် မည်သည့်နေရာတွင်မဆို စိုက်ပျိုးကြပြီး ရေချိုဖြင့်ပျိုးထောင်သည့် ဆောင်းကြက်သွန်ပျိုးများ ရေငံအရပ် ဒေသမှ လာရောက်ဝယ်ယူစိုက်ပျိုးပါက ကြက်သွန်ဖြစ်ထွန်းမှုနည်းကာ ဥဥနှုန်းလည်း မကောင်းကြောင်း၊ ကြက်သွန်မြစ်နီဝင်မှု၊ နွယ်လိမ် ဖြစ်မှုများဖြစ်လျှင် ဆောင်းကြက်သွန်နီဥ ပေါ်ချိန် လှောင်၍မရပဲ ကြက်သွန်ဥပုတ်ခြင်း၊ လှောင်ထား၍မရခြင်းများကြောင့် ကြက်သွန် အမြတ်စား အဖြစ် နုတ်ရောင်းချကြောင်း ကျောက်ပန်းတောင်းမြို့နယ်၊ လဲဂွကျေးရွာ ကြက်သွန်စိုက်တောင်သူ ဦးတင်ထွန်းအောင်က ရှင်းပြသည်။
ယခုအချိန်တွင် ဥပြန်စိုက်ပျိုးကြက်သွန်များ အမြောက်အများ ထွက်ရှိလာပြီဖြစ်ရာ ထွက်ရှိလာ သည့် ကြက်သွန်နီများအား ပခုက္ကူဈေးကွက်သို့ တစ်နေ့လျှင် ပိသာချိန် တစ်သိန်းကျော် ဝင်ရောက်နေလျက်ရှိကာ တစ်ပိသာ ၄၅၀ ကျပ်နှုန်း ရောင်းချနေရကြောင်း ဥပြန်စိုက်ပျိုး ကြက်သွန်ပေါ်ချိန် ပခုက္ကူဈေးကွက်သို့ လာရောက်ရောင်းချသည့် ရေစကြိုမြို့နယ် ဗလဗကျေးရွာ ဥပြန်စိုက်တောင်သူ ဦးဇော်ဝင်းထံက သိရသည်။
ကိုထိန်၊KPD