ငရုတ်ကောင်း ဖေဖော်ဝါရီ ၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့နှင့် ကျေးလက်ဒေသတချို့တွင် ကွမ်းစိုက်ခြံတောင်သူများအထွက်နှုန်း အနည်းငယ်ကျဆင်းသော်လည်း ဈေးကွက်ကောင်းမွန် ၍ ဝင်ငွေပုံမှန်ရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ကွမ်းပင်များသည် ရေကြိုက်နှစ်သည့်အတွက် ငြမ်းစင်များ ပြုလုပ်ပေးရပြီး အစိုဓာတ်မပြတ် ရေသွင်းပေးရကြောင်း၊ နေရောင်ခြည်တိုက်ရိုက်ကျမှုဒဏ်ကို မခံနိုင်သဖြင့် အမိုးအကာများ ပြုလုပ်၍စိုက်ပျိုးရကြောင်း၊ မိုးရာသီတွင်ကွမ်းရွက် အထွက်နှုန်းကောင်းသော်လည်း နွေရာသီနှင့် ဆောင်းရာသီများတွင် ကွမ်းရွက်အထွက်နှုန်းနည်းပါးပြီး ရောင်းချရာတွင် ဈေးကောင်းရရှိပြီး ကွမ်းရွက် (၁) ပိသာလျှင် ငွေကျပ် (၄၅၀၀၀) ကျပ်မှ (၅၀၀၀၀) ကျပ်အထိ ရောင်းချရကြောင်း ကွမ်းစိုက်တောင်သူတစ်ဦးဖြစ်သော ငရုတ်ကောင်းမြို့ အမှတ် (၁) ရပ်ကွက်နေထိုင်သူ ဦးထွန်းဌေးထံမှ သိရသည်။ ကွမ်းစိုက်ပျိုးမည်ဆိုပါက နေ့စဉ်ဂရုစိုက်စောင့်ကြည့်၍ လေဝင် လေထွက်ကောင်းမွန်စေရန် အမိုးအကာများလှပ်ပေးခြင်း၊ ကွမ်းအညွန့်များအား ငြမ်းတိုင်များနှင့် ကပ်၍ချည်ပေးခြင်း၊ရေသွင်းခြင်းစသည့် လိုအပ်သည်များမပြတ် ပြုလုပ်ပေးရကြောင်း၊ ဂရုစိုက်မှုနည်းပါက ကွမ်းပင်များပိုးကျ၍ ကွမ်းရွက်အထွက်နှုန်း ကျဆင်းကာ ကွမ်းခြံပျက်စီးသည်အထိ ဆုံးရှုံးမှုများရှိကြောင်း သိရသည်။ ယခုအခါတွင်ဈေးကွက်ကောင်းပြီး အဆင်ပြေလျက်ရှိရာ ကွမ်းစိုက်ခြံတောင်သူများက ကွမ်းခြံများကို ထပ်မံတိုးချဲ့ စိုက်ပျိုးလာကြသည်ကို တွေ့ရသည်။
မြို့နယ်(ပြန်/ဆက်)