ဖယ်ခုံမြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေ ပဉ္စမအကြိမ်ထုတ်ချေး

ဖယ်ခုံ     ဇန်နဝါရီ      ၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့နယ်မိုးဗြဲကျေးရွာအုပ်စုနှင့် နောင်လိုင်ကျေးရွာအုပ်စုတွင် မြစိမ်းရောင်အရင်းမပျောက် လည်ပတ် ရန်ပုံငွေစီမံကိန်း၏ ပဉ္စမအကြိမ် အတိုး/အရင်းများကို ယမန်နေ့က ထုတ်ချေးပေးခဲ့ကြောင်း သိရှိရသည်။

ရန်ပုံငွေထုတ်ချေးပေးရာတွင် မိုးဗြဲကျေးရွာအုပ်စု ညောင်ပင်သာကျေးရွာ စီမံကိန်းတစ်ယူနစ်တွင် အရင်းအတိုး ငွေကျပ် ၅၀,၅၀၀,၀၀၀ ကို အသင်းသား ၁၂၀ ဦးသို့ လည်းကောင်း၊ နောင်လိုင်ကျေးရွာအုပ်စု ဆောင်ဒူ(ထက်)+ဆောင်ဒူ(အောက်)+ ကျွန်းကုန်းကျေးရွာ စီမံကိန်း တစ်ယူ နစ်တွင် အရင်းအတိုး ငွေကျပ် ၃၈,၅၃၀,၀၀၀ ကို အသင်းသား ၁၄၄ ဦးသို့လည်းကောင်း ထုတ်ချေးပေးခဲ့ခြင်းဖြစ်ကြောင်း မြို့နယ် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရှိရသည်။

အဆိုပါရန်ပုံငွေများကို ကျေးလက်နေပြည်သူများ အလုပ်အကိုင်ရရှိရေးနှင့် ၀င်ငွေတိုးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ပဉ္စမအကြိမ် ထုတ်ချေးပေးခြင်းဖြစ်ပြီး မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်စီမံကိန်းတာ၀န်ခံ ဒေါ်မူဘေဘီဦး (ဒုတိယဦးစီးမှူး) စီမံကိန်းကျေးရွာတာ၀န်ခံ ဒေါ်မူစီ(အကြီးတန်းစာရေး)နှင့် ၀န်ထမ်းများက လုပ်ထုံးလုပ်နည်းများ၊ ညွှန်ကြားချက်များနှင့်အညီ ကွင်းဆင်း ကြီးကြပ် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

မောင်မောင်ထွေး(ပြန်/ဆက်)