ဖရူဆို ဇန်နဝါရီ ၈
ကယားပြည်နယ် လွိုင်ကော်ခရိုင်၊ ဖရူဆိုမြို့နယ်တွင် မိခင်နှင့်ကလေးစောင့်ရှောက်ရေးဌာနက မွေးကင်းစမှ အသက်တစ်နှစ်ခွဲ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်း ကို ယမန်နေ့က ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မိခင်နှင့်ကလေး စောင့်ရှောက်ရေးဌာနမှ အမျိုးသမီးကျန်းမာရေး ဆရာမ ဒေါ်လင်းဒါနှင့် ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များဖြစ်သော ထီးတရဲရပ်ကွက်၊ ညောင်ဇင်ရပ်ကွက်၊ ထီးကူဆိုရပ်ကွက်၊ ဒီးဒါးကူးရပ်ကွက်နှင့် လောဘူးဒါးရပ်ကွက် များရှိ မွေးကင်းစမှ အသက်တစ်နှစ်ခွဲ ကလေးငယ်(၅၂)ဦးအား ပုံမှန်ကာကွယ်ဆေးများဖြစ်သော အသည်းရောင်အသားဝါ(ဘီ)၊ ဘီစီဂျီ၊ ငါးမျိုးစပ် ကာကွယ်ဆေး၊ ပိုလီယို၊ ပြင်းထန် ဝမ်းပျက်ဝမ်းလျှော(ရိုတာ)၊ ဝက်သက် - ဂျိုက်သိုးနှင့် ဂျပန်ဦးနှောက်ရောင် စသည့် ကာကွယ်ဆေးများကို ဆေးတိုက်ဆေးထိုးခြင်းလုပ်ငန်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တောရယ်