ဟိုပန် ဇန်နဝါရီ ၈
မီးဘေးနှင့် ငလျင်ဘေးအန္တရာယ် ကျရောက်ပါက ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်မှု သရုပ်ပြပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန်က “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့၊ ခရိုင်မီးသတ်ဦးစီးဌာနရုံးတွင် ပြလုပ်ခဲ့သည်။
ပထမဦးစွာ မီးသတ်တပ်ဖွဲ့ဝင်များက အထပ်မြင့် အဆောက်အဦတွင် မီးလောင်မှု ဖြစ်ပွားပါက HNE မီးငြိမ်းသတ်ရေးပစ္စည်း၊ BA Sead အသက်ရှူကိရိယာ၊ ၃ ဆင့်လှေကား၊ မီးသတ်ပိုက်လိတ်တို့ဖြင့် မီးငြှိမ်းသတ်ခြင်းလုပ်ငန်းနှင့် အသက်ကယ်ခြင်း လုပ်ငန်းကို လက်တွေ့ သရုပ်ပြခဲ့ သည်။ ဆက်လက်၍ ပြင်းအား(၅.၈)ရစ်ချက်စတာစကေးရှိ ငလျင်ဘေးကြုံတွေ့ရပါက ကူညီကယ်ဆယ်ခြင်းလုပ်ငန်းကို ဟိုက်ဒရောလစ် ကတ်တာ၊ ဟိုက်ဒရောလစ်(စ်) ပတ်တာ၊ လီကင်းပတ်၊ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ လူနာတင်ကား(၁)စီး အသုံးပြု၍ သရုပ်ပြဆောင်ရွက် ခဲ့သည်။
အဆိုပါ သရုပ်ပြပွဲကို ခရိုင်မီးသတ်ဦးစီးဌာနမှူး ဦးနေဝင်းတိုး၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစိန်ခိုင်နှင့် မီးသတ်တပ်ဖွဲ့ဝင်(၃၅)ဦး၊ မြို့နယ် ကြက်ခြေနီအသင်းဥက္ကဋ္ဌ ဦးသိန်းဝင်းနှင့် ကြက်ခြေနီအသင်းဝင်များက ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်