ရွှေကူမြို့နယ်၌ ကိုဗစ်-၁၉ ဖြစ်ပွားနေစဉ်ကာလအတွင်း ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေရန် စံပြငါးစျေး ရောင်းချပွဲကျင်းပ

ရွှေကူ     ဇန်နဝါရီ      ၈

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ရွှေကူမြို့နယ် ရွှေအင်းတော်မွေးမြူရေးနှင့် အထွေထွေ လုပ်ငန်း သမဝါယမအသင်းမှ ရေလဲကျေးရွာ အင်းတော်လဟာကြီးအင်းအတွင်းမှရရှိသော စံပြငါး စျေး ရာင်းချပွဲကို ယမန်နေ့နံနက် ၇ နာရီခွဲခန့်တွင် ရွှေကူမြို့ အမှတ်(၄)ရပ်ကွက် မြို့မစျေးအနီး၌ ဆောင်ရွက်ခဲ့သည်။

ရွှေကူမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ရောဂါဖြစ်ပွားနေစဉ် ကာလအတွင်း ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေရန်အတွက် ရေလဲကျေးရွာ အင်းတော်လဟာကြီး အင်းအတွင်းမှ စံပြငါးများဖြစ်သော စလားဗီးယား၊ ငါးခေါင်းပွနှင့်ငါးလူးငါးများကို ပြည်သူများအား သက်သာသောစျေးနှုန်းဖြင့် ရွှေအင်းတော်မွေးမြူရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမ အသင်းမှ ရောင်းချခဲ့သည်။

အဆိုပါ စံပြငါး စျေးရောင်းချပွဲတွင် ရွှေကူမြို့နယ် သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးဝင်းအောင်နှင့် ဝန်ထမ်းများ၊ ရေလဲကျေးရွာ အင်းတော်လဟာကြီးအင်းမှ အင်းပိုင်ရှင်များက ပြည်သူများအား စံပြငါးများကို သက်သာသောစျေးနှုန်းဖြင့် ရောင်းချခဲ့ကြောင်း သိရှိရသည်။

ကျော်မျိုးအောင်(ပြန်/ဆက်)