မိုင်းဖြတ် ဇန်နဝါရီ ၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်သည့် ကတ္တရာလမ်း တိုးချဲ့ခြင်းလုပ်ငန်းနှင့် ရေလွှဲဆည်ရေငြိမ်ကန်တည်ဆောက်ခြင်း လုပ်ငန်းများကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်ခန့်က ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းကျောက်နှင့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးသက်လွင်တို့က ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။
ထိုသို့ စစ်ဆေးရာတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကျောက်၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးသက်လွင်တို့သည် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် မြို့နယ်လမ်းဦးစီးဌာနမှ (ပြည်နယ်ပြင်/ထိန်း) ခွင့်ပြုရန်ပုံငွေ(၂၆၄.၀၀၀)သန်းဖြင့် တာဝန်ခံအင်ဂျင်နီယာ ဦးစီးအရာရှိ(မြို့ပြ) ဦးဇော်ကိုကိုအောင်က ဆောင်ရွက်သည့် မိုင်းဖြတ်-မိုင်းယောင်း လမ်းပိုင်းရှိ (၅.၅၇ကီလိုမီတာနှင့် ၆.၅၇ ကီလိုမီတာကြား)တွင် ယခင် ၁၂ ပေ အကျယ်မှ ယခု ၁၈ ပေ အကျယ်ရှိ ကတ္တရာလမ်းတိုးချဲ့ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဆောင်ရွက်ပြီးစီးသည့် အခြေအနေ များကို ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့သည်။
ယင်းနောက် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချစီမံခန့်ခွဲရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှင်တွင် ပြည်နယ်ခွင့်ပြုရန်ပုံငွေ (သာမန် အသုံးစိရိတ်) ၁၈သန်းဖြင့် လုပ်ငန်းကြီးကြပ် အင်ဂျင်နီယာ(မြို့ပြ) ဦးမြင့်ဇော်အောင်က တာဝန်ယူဆောင်ရွက်သည့် ဝမ်လုံးရေလွှဲဆည် ရေငြိမ်ကန် တည်ဆောက်ခြင်း လုပ်ငန်းတို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သန်းထွန်းအေး(ပြန်/ဆက်)