ကိုဗစ် - ၁၉ ရောဂါ ထိန်းချုပ်ရေး မြန်မာ-ထိုင်း ကော့သောင်း-ရနောင်း နယ်စပ် တရားမဝင် ကူးသန်းသွားလာမှုမပြုရေး မြို့နေပြည်သူများသို့ သတိပေးဆောင်ရွက်

ကော့သောင်း ဇန်နဝါရီ ၈

ကိုဗစ် - ၁၉ ရောဂါ ကူးစက်ဖြစ်မှု မြှင့်တက်လာနေသည့် ထိုင်းနိုင်ငံအတွင်း ကိုဗစ် − ၁၉ ရောဂါ ထိန်းချုပ်ရေး မြန်မာ-ထိုင်းနယ်စပ် ရေပြင်လုံခြုံရေးကို ထိုင်းနိုင်ငံဖက်မှ ပိုမိုတိုးမြှင့် ဆောင်ရွက်လျှက်ရှိသဖြင့်  ကော့သောင်း-ရနောင်း နယ်စပ် တရားမဝင် ကူးသန်းသွားလာမှု မပြုကြရေး ဒေသတာဝန်ရှိ အဖွဲ့အစည်းများမှ မြို့နေပြည်သူများသို့ သတိပေး ဆောင်ရွက်ထားရှိကြောင်း သိရသည်။

ကိုဗစ် − ၁၉ ရောဂါကူးစက်မှု အခြေအနေများကြောင့် ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင်၊ ဝင်ရောက်နေထိုင်ပြီး အလုပ်လုပ်ကိုင်နေကြသော မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယား (သုံးနိုင်ငံ) နိုင်ငံသားများအား ဇန်နဝါရီလ ၁၅ ရက်နေ့မှ ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့အထိ အတောအတွင်း  အလုပ်ရှင်များမှ မိမိတို့၏တရားဝင်စာရွက်စာတမ်း အထောက်အထားမရှိသော အလုပ်သမား များအား သတ်မှတ်ထားသည့် ခရိုင်အလုပ်အကိုင်ရှာဖွေရေး ဦးစီးဌာရုံးများတွင် စာရင်းပေးသွင်း ကာ ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်ခွင့်ပန်းရောင်ကဒ်များ လျှောက်ထား ဆောင်ရွက်ရမည် ဖြစ်ကြောင်း ဇန်နဝါရီလ ၆ ရက်နေ့က ရနောင်းခရိုင်ဝန်ရုံး၏ ထုတ်ပြန်ကြေငြာချက်အရ သိရသည်။

အဆိုပါကာလအတွင်း ရနောင်းခရိုင်အတွင်းသို့ တရားမဝင် ဝင်ရောက်လာမှုများအား တားဆီးနိုင်ရေး ထိုင်းရေတပ်မတော်မှ Navy Seal အထူးတပ်ဖွဲ့များက အထူးအမြန်နှုန်းမြင့် လုံခြုံရေးရေယာဉ်ငယ် (၂) စီးဖြင့် (၂၄) နာရီ ပါချန်မြစ်ကြောင်း နယ်စပ်ရေပြင်လုံခြုံရေးကို အခြားလုံခြုံရေး တပ်ဖွဲ့များနှင့်ပူးတွဲ၍ ဆောင်ရွက်လျက်ရှိရာ တရားမဝင် ဝင်ရောက်လာသူများ အား ထိရောက်သည့် အရေးယူမှု ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထိုင်းဘုရင့်တပ်မတော် (တပ်မတော်ရေ)၊ စစ်တိုင်းအမှတ် (၃) ၏ ထုတ်ပြန်ကြေငြာချက်အရ သိရသည်။

ကိုဗစ် - ၁၉ ရောဂါ ထိန်းချုပ်မှုကာလအတွင်း မြန်မာနှင့်ထိုင်း နှစ်နိုင်ငံလူပုဂ္ဂိုလ်များ ကူးသန်း သွားလာမှုကို ပိတ်ပင်ဆိုင်းငံ့ထားပြီး ယခုကဲ့သို့ နယ်စပ်လုံခြုံရေးကို ထိုင်းနိုင်မှ တင်းကျပ်စွာ ဆောင်ရွက်ထားမှုများကြောင့် မလိုလားအပ်သည့် ပြသနာများမပေါ်ပေါက်ရေး ကော့သောင်း မြို့နေပြည်သူများ နယ်စပ်ဖြတ်ကျော် ကူးသန်းသွားလာမှုမပြုကြရေး ဒေသတာဝန်ရှိ အဖွဲ့ အစည်းအဆင့်ဆင့်မှ အထူးကြပ်မတ် ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။

ကျော်စိုး (ကော့သောင်း)