ထားဝယ် ဇန်နဝါရီ ၈
ဝေးလံခေါင်သီ၍ လူမှုရေးခက်ခဲသောဒေသများ ပြန်လည်သတ်မှတ်နိုင်ရေး စိစစ်ဆောင်ရွက် နိုင်ရန်အတွက် တိုင်းဒေသကြီးအဆင့် စိစစ်ရေး ကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၃ နာရီက ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ဝေးလံခေါင်သီ၍ လူမှုရေးခက်ခဲသောဒေသများ ပြန်လည်သတ်မှတ်ရေးအတွက် တိုင်းဒေသကြီးအဆင့် စိစစ်ရေးကော်မတီ ဥက္ကဋ္ဌ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ဇေယျက ဝေးလံခေါင်သီ၍ လူမှုရေး ခက်ခဲသော ဒေသများ ပြန်လည်သတ်မှတ်ရေးအတွက် စံသတ်မှတ်ချက်(၁၁)ချက်နှင့်အညီ စိစစ်၍ဆုံးဖြတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရွေးချယ် ဆောင်ရွက်ရာတွင် မျက်နှာလိုက် ခြင်း၊ အခွင့်အရေးရစေလိုသော ဆန္ဒဖြင့်မဆုံးဖြတ်ဘဲ ညွှန်ကြားချက်များနှင့်အညီ သမာသမတ် ကျစွာဖြင့် စိစစ်ရွေးချယ် ဆုံးဖြတ်သွားစေလိုကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးအဆင့် စိစစ်ရေးကော်မတီအတွင်းရေးမှူး၊ တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဝင်းနှင့် ကော်မတီဝင်များက ဝေးလံခေါင်သီ၍ လူမှုရေးခက်ခဲသောဒေသများ ပြန်လည်သတ်မှတ်နိုင်ရေးအတွက် ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးသို့ ဝေးလံခေါင်သီ၍ လူမှုရေးခက်ခဲသောဒေသများ ပြန်လည်သတ်မှတ်ရေးအတွက် တိုင်းဒေသကြီးအဆင့် စိစစ်ရေး ကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ဇေယျ၊ သက်ဆိုင်ရာ တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ကျော်ကျော်လတ်(ထားဝယ်)