ဖလမ်း ဇန်နဝါရီ ၈
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများ၏ လူနေမှုအဆင့်အတန်းများ ပိုမိုမြင့်မားလာစေရေး ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ဖလမ်းမြို့နယ်၊ ဘွာလ်မင်းကျေးရွာနေ ဒေသခံပြည်သူများ သောက်သုံးရေ လုံလောက်စွာရရှိရေးအတွက် သောက်သုံးရေသွယ်ယူခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခွင့်ပြုရန်ပုံငွေကျပ် သန်း (၁၉ ဒသမ ၄၂၅)ဖြင့် တင်ဒါရ Lung Lui ကုမ္ပဏီက ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ဖလမ်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံးမှ တာဝန်ခံ အင်ဂျင်နီယာများက ဇန်နဝါရီ ၇ ရက်နေ့က သွားရောက် စစ်ဆေးခဲ့သည်။
ဖလမ်းမြို့နယ်၊ ဘွာလ်မင်းကျေးရွာနေ ဒေသခံပြည်သူများအတွက် သောက်သုံးရေ လုံလောက်စွာရရှိရေး ၁ မိုင် ၄ ဖာလုံအရှည်ကို (၁)လက်မအရွယ်ရှိ PVC ပိုက်ဖြင့် သွယ်ယူခြင်း၊ ဂါလံ ၅၀၀၀ ဆံ့ရေလှောင်ကန် တည်ဆောက်ခြင်း၊ ရေဖမ်းကန်(၁)လုံး တည်ဆောက်ခြင်း လုပ်ငန်းများကို တင်ဒါရ ကုမ္ပဏီက ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)