ပုဂံ ဇန်နဝါရီ ၈
သောက်သုံးရေအခက်ကြုံတွေ့နေရသည့် မန္တလေးတိုင်းဒေသကြီး၊ ပုဂံ-ညောင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာ များသို့ ယခုနှစ်၏ ပထမဆုံးရက်သတ္တပတ်အတွင်း သောက်သုံးရေဂါလံ ၃၇၀၀၀ ကျော်ကို မြင့်မြတ်သူ စေတနာသွေးလှူရှင်နှင့် လူနာတင်ယာဉ်ကူညီမှုအသင်းမှ သွားရောက်လှူဒါန်းပေးခဲ့ကြောင်းသိရသည်။
မြင့်မြတ်သူစေတနာသွေးလှူရှင်နှင့် လူနာတင်ယာဉ်ကူညီမှုအသင်းမှ မြို့နယ်အတွင်း သောက်သုံးရေ အခက်အခဲဖြစ်ပေါ်လာပါက ရေအလှူရှင်များ၏ လှူဒါန်းငွေဖြင့် သောက်သုံးရေများသွားရောက် လှူဒါန်း လျက်ရှိရာ သောက်သုံးရေများအခက်ကြုံနေရသည့် ပုဂံ-ညောင်ဦးမြို့နယ်၊ ဂျန်းလှီးကျေးရွာ၊ ထန်းနောင်းဝန်း အရှေ့ရွာ၊ ပျဉ်တိုင်းရွာ၊ ကြို့ပင်သာရွာ၊ အင်ကြင်းမြိုင်တဲတိုက်၊ တောစွန်တဲတိုက်၊ ချောင်းမီသာတဲတိုက်၊ သုံးတောင်ဂဲတဲတိုက်နှင့် ကြခုတ်တဲတိုက်မှ သံဃာတော်များနှင့် ပြည်သူများ သောက်သုံးရေ အဆင်ပြေ စေရန်အတွက် တစ်ပတ်အတွင်းရေဂါလံ ၃၇၂၀၀ကျော် သွားရောက်လှူဒါန်းပြီး အိမ်ထောင်စုအလိုက် စနစ် တကျ ခွဲဝေပေးခဲ့ကြောင်းသိရသည်။
မိုးနဲရပ်ဝန်းဒေသဖြစ်သည့် မြန်မာနိုင်ငံအလယ်ပိုင်းပုဂံ-ညောင်ဦးဒေသရှိ ကျေးလက်နေပြည်သူအများစုသည် နွေရာသီမတိုင်မီ ယခုဆောင်းရာသီကာလမှာပင် သောက်သုံးအခက်ကြုံနေရပြီဖြစ်ပြီး သောက်သုံးရေ အလှူရှင်များနှင့် ပရဟိတအသင်းများကို အားထားနေကြရကြောင်း၊ သောက်သုံးရေများကို ပုဂံ-ညောင်ဦး မြို့နယ်အတွင်းရှိ သောက်သုံးရေအခက်အခဲဖြစ်သည့် ကျေးရွာများမှ ချိတ်ဆက်အကူအညီတောင်းခံလာပါက ကျေးရွာများအရောက် ပေးပို့လှူဒါန်းပေးလျက်ရှိကြောင်း၊ သောက်သုံးရေလှူဒါန်းလိုသူများအနေဖြင့် မြင့်မြတ်သူစေတနာသွေးလှူရှင်နှင့် လူနာတင်ယာဉ်ကူညီမှုအသင်း ၀၉-၄၀၂-၇၇၄-၃၉၆ သို့ဆက်သွယ် လှူဒါန်းနိုင်ကြောင်း အဆိုပါပရဟိတအသင်းမှ ဦးအောင်ငြိမ်းထံမှ သိရသည်။
ဖေလိန်း(ပုဂံ)