ဇမ္ဗူသီရိ ဇန်နဝါရီ ၈
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ကြီးကြပ်မှုအောက်ရှိ မြို့နယ် ဘောလုံးကွင်းများအတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပြည်ထောင်စု ဘတ်ဂျက်ငွေလုံးငွေရင်း (တည်ဆောက်ရေး) ရန်ပုံငွေဖြင့် လုပ်ငန်းများအား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ဇမ္ဗူသီရိမြို့နယ် ရွှေကြာပင် အားကစားကွင်း တည်ဆောက်ရေးလုပ်ငန်းကို မြန်မာပြည့်ဝအောင် ကုမ္ပဏီမှ တင်ဒါ အောင်မြင်ခဲ့ပြီး ယနေ့ နံနက် (၈) နာရီက ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင် ဘောလုံးကွင်းတွင် ရတနာပန္နက်တော်တင် မင်္ဂလာအခမ်းအနားကို ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားသို့ နေပြည်တော်ကောင်စီဝင် ဦးတင်ထွန်း၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီဝင် ဦးဆန်းနိုင်၊ အားကစားနှင့်ကာယပညာ ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် (၁) ဦးထွန်းမြင့်ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်မြင့်ဦး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ အားကစားကွင်း/ အားကစားရုံဌာနခွဲ ညွှန်ကြားရေးမှူး၊ ပြည်ထောင်စုနယ်မြေ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး၊ ဒက္ခိဏခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ မြန်မာပြည့်ဝအောင် ကုမ္ပဏီ ဒါရိုက်တာနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ ထို့နောက် ရတနာပန္နက်တော် (၉) ချက်တင်၍ အမွေးနံ့သာရေများ ပက်ဖျန်းခဲ့ကြပြီး ရွှေမိုးငွေမိုးများ ရွာသွန်းဖြိုးပေးခဲ့သည်။
ဆက်လက်၍ တည်ဆောက်ရေးလုပ်ငန်း ရတနာပန္နက်တော်တင်အခမ်းအနားများကို ပျဉ်းမနားမြို့နယ်၊ ဘောဂဝတီအားကစားကွင်းတွင် နံနက် (၉) နာရီအချိန်၌ လည်းကောင်း၊ ပုဗ္ဗသီရိမြို့နယ် အားကစားကွင်းတွင် နံနက် (၁၀) နာရီအချိန်၌ လည်းကောင်း အသီးသီး ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟိန်းသူအောင် (ပြန်/ဆက်)