မန္တလေး ဇန်နဝါရီ ၈
စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် မန္တလေးတိုင်း ဒေသကြီး သမဝါယမဦးစီးဌာနနှင့် ငါးလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ဖြစ်ပွားစဉ် ကာလအတွင်း ရေထွက်ကုန်ပစ္စည်းများ ထုတ်လုပ်ဖြန့်ဖြူးရောင်းချမှု အခက်အခဲမရှိစေရန် မန္တလေးခရိုင်အတွင်းရှိ မြို့နယ် သ/မ အသင်းစုများဖြင့် ချိတ်ဆက်ကာ ယနေ့နံနက် ၉နာရီက စတင်ရောင်းချပေးလျက်ရှိသည်။
ထိုသို့ ရေထွက်ကုန်ပစ္စည်းများရောင်းချရာတွင် တိုင်းဒေသကြီးသမဝါယမဦးစီးဌာန သည် တိုင်းဒေသကြီးသမဝါယမအသင်းစုချုပ်နှင့် မန္တလေးခရိုင်အတွင်းရှိ မြို့နယ်သမဝါယမ ဦးစီးဌာနများနှင့် မြို့နယ်သမဝါယမအသင်းစုများနှင့် ချိတ်ဆက်၍ ပုသိမ်ကြီးမြို့နယ်၊ အမရ ပူရမြို့နယ်၊ ချမ်းမြသာစည်မြို့နယ်၊ အောင်မြေသာစံမြို့နယ်၊ မဟာအောင်မြေမြို့နယ်၊ ချမ်းအေးသာစံမြို့နယ်နှင့် ပြည်ကြီးတံခွန်မြို့နယ်များရှိ စားသုံးသူ အသင်းသား ပြည်သူများ ဈေးနှုန်းချိုသာစွာဖြင့် လွယ်လင့်တကူ ဝယ်ယူစားသုံးနိုင်ရေးအတွက် ငါးမြစ်ချင်း(ဗိုက်ခွဲ) ပိဿာ(၂၀၀)၊ ငွေရောင်(ဗိုက်လုံး) ပိဿာ(၁၅၀)၊ ငါးတန်သေး(ဗိုက်လုံး) ပိဿာ(၁၅၀)၊ စုစုပေါင်း ပိဿာချိန်(၅၀၀)အား ချိုသာသော ဈေးနှုန်းဖြင့် NO PROFIT, NO LOSS ဟူသော သမဝါယမမူအတိုင်း ဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်းသိရသည်။
အဆိုပါရောင်းချရာသို့ မန္တလေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မိုးတင့်၊ တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ညီတိုး၊ တိုင်းဒေသကြီးသမဝါယမအသင်းစုချုပ် ဒုဥက္ကဋ္ဌ ဦးထွန်းလှိုင်၊ မြို့နယ်သမဝါယမဦးစီးဌာန များမှ ဦးစီးအရာရှိများ၊ မြို့နယ်သမဝါယမအသင်းစုများမှ အသင်းစုဥက္ကဋ္ဌများက ရေထွက်ကုန်ပစ္စည်းများ ဖြန့်ဖြူးရောင်း ချနိုင်ရေး ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ဇာနည်ကိုကို
ပုသိမ်ကြီးပြန်/ဆက်