မိတ္ထီလာမြို့နယ်တွင်  ငလျင်ဘေးအန္တရာယ် ရှာဖွေကယ်ဆယ်ရေးဇာတ်တိုက်လေ့ကျင့်ခြင်းပြုလုပ်

မိတ္ထီလာ၊ ဇန်နဝါရီ  ၈

            မန္တလေးတိုင်းဒေသကြီး ၊ မိတ္ထီလာမြို့နယ်မီးသတ်ဦးစီးဌာနက ငလျင်ဘေးအန္တရာယ် ရှာဖွေ ကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းကို ဇန်နဝါရီလ ၈ ရက်နေ့ နံနက် ၁၀ နာရီအချိန်က အဆိုပါရုံးဝန်းအတွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

            မိတ္ထီလာမြို့နယ်မီးသတ်ဦးစီးဌာနမှ ရှာဖွေကယ်ဆယ်ရေးတပ်စုက ဇာတ်တိုက်လေ့ကျင့်ရာတွင် မထင်မှတ်သော သဘာဝဘေးအန္တရာယ်တစ်ခုဖြစ်သည့် ငလျင်ဘေးအန္တရာယ် ကြုံတွေ့ရသည့်အခါ အခင်းဖြစ်လျှင်ဖြစ်ချင်း ရှာဖွေကယ်ဆယ်ရေးတပ်စုမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ အသင့်နေရာ ယူခြင်း၊ ရှာဖွေကယ်ဆယ်ခြင်း၊ တပ်စုမှူးက ရှာဖွေကယ်ဆယ်ရေးဆောင်ရွက်ရန် ASR LEVEL အဆင့် အလိုက် အမိန့်ပေးဆောင်ရွက်ခြင်းနှင့် လူနာများ ထိခိုက်ဒဏ်ရာရရှိမှု အခြေအနေပေါ်မူတည်၍   အစိမ်းရောင်၊ အဝါရောင်၊ အနက်ရောင်လူနာ စသည့်ဖြင့် အဆင့်ခွဲခြား၍ ကယ်ဆယ်ခြင်းများကို ဇာတ်တိုက် လေ့ကျင့်သရုပ်ပြခဲ့သည်။ ၎င်းအပြင် အထပ်မြင့်အဆောက်အဦနှင့် မော်တော်ယာဉ်များတွင်  ပိတ်မိလူနာ များအား အန္တရာယ်ကင်းစွာ ကယ်ထုတ်ခြင်းစသည့် သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းကို မိတ္ထီလာမြို့နယ် မီးသတ်ဦးစီးဌာနမှ သန္ဓေတပ်ဖွဲ့တွင် ၃၅ ဦးက တာဝန်အလိုက် စနစ်တကျဖြင့် ဟန်ချက်ညီစွာ ဇာတ်တိုက်လေ့ကျင့်သရုပ်ပြခဲ့ကြောင်း သိရသည်။

              မီးသတ်ဦးစီးဌာနအနေဖြင့် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများအပြင် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများအနေဖြင့် မီးလောင်မှုဖြစ်ပွားပါက ပိတ်မိနေသော လူများအား ကယ်တင်နိုင်ရန် ရှာဖွေကယ်ဆယ်ရေးတပ်စုကို ဖွဲ့စည်းဆောင်ရွက်ထားရှိပြီး မီးလောင်မှုတစ်ခုဖြစ်ပွားပါက မီးလောင်မှုကို ငြိမ်းသတ်သည့် မီးငြိမ်းသတ်ရေးအဖွဲ့က မီးငြိမ်းသတ်ရေးလုပ်ငန်းများကို ဆောင်ရွက်သလို ရှာဖွေ ကယ်ဆယ်ရေးအဖွဲ့ကလည်း ပိတ်မိနေသောလူများကို ကယ်တင်နိုင်ရန် ရှာဖွေကယ်ဆယ်ရေးတပ်စုမှ အဆင့်သင့်တစ်ပါးတည်း လိုက်ပါနိုင်ရန် နေ့စဉ် လေ့ကျင့်လျှက်ရှိကြောင်း ခရိုင်မီးသတ်ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဆန်းထံမှ သိရသည်။

 

                                                                                    သိန်းမြင့်ကျော်(မိတ္ထီလာ)