ယာဉ်စည်းကမ်းလမ်းစည်းကမ်း၊ လူကုန်ကူးမှုနှင့်သက်ငယ်မုဒိမ်းကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်

ပင်းတယ    ဩဂုတ်   

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနနှင့် သက်ဆိုင်ရာတာဝန်ရှိသူများသည် တောင်ရှည်ကျေးရွာ အုပ်စု၊ လယ်ပြင်ကျေးရွာရှိ ပညာလောက စာကြည့်တိုက်၌ ယနေ့ နံနက် ၉ နာရီအချိန်က ယာဉ်စည်းကမ်း လမ်းစည်းကမ်း၊ လူကုန်ကူးမှု၊ သက်ငယ်မုဒိမ်း ကာကွယ်ရေးအသိပညာပေး ဟောပြောပွဲနှင့် နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးထွေး က ကြိုတင်ကာကွယ်ဆောင်ရွက်သင့်သည့် ကျန်းမာရေးပညာပေး အကြောင်းအရာများ၊ ကျန်းမာရေး အသိအမြင် အခြားဗဟုသုတများရရှိစေရန်အတွက် အားလပ်သည့်အချိန်များတွင် စာဖတ်ကြရန်နှင့် သက်ငယ်မုဒိမ်းနှင့် ပတ်သက်သည့်အကြောင်းအရာများကို လည်းကောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဒေါ်စုထားဝေက လူကုန်ကူးခြင်းအကြောင်းအရာများကို လည်းကောင်း၊ ယာယီစခန်းမှူးရဲအုပ်သက်ဆွေက ယာဉ်စည်းကမ်းလမ်းစည်းကမ်း နှင့်ပတ်သက်၍ ရှောင်ရန်နှင့် ယာဉ်/လမ်း အချက်ပြသင်္ကေတများ ကို လည်းကောင်း ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက် ဟောပြောပွဲအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက် လက်ထောက်-၃ ဒေါ်သန်းထူးစိန်မှ စာကြည့်တိုက်အသင်းဝင်ကဒ်များကို အခမဲ့ပြုလုပ်ပေးပြီး သုတ/ရသ စာအုပ်စာစောင်များကိုလည်း ငှားရမ်းပေးခဲ့ကြောင်းလည်းသိရသည်။

ခင်မျိုးနွယ်(ပင်းတယ)