မူဆယ် ဇန်နဝါရီ ၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့၊ မြန်မာ-တရုတ်နှစ်နိုင်ငံ အဝင်/အထွက်ဂိတ်၊ ကျင်စန်းကျော့ဂိတ်နှင့် ဝမ်တိန်ဂိတ်တို့မှတစ်ဆင့် တရုတ်နိုင်ငံ၊ ဝမ်တိန်မြို့သို့ တင်ပို့လျက်ရှိသည့် မြန်မာနိုင်ငံ၊ ပြည်တွင်းထွက်၊ ဖရဲသီးနှင့် သခွားမွှေးအသီးအရောင်းဝယ်ရေး ဈေးကွက်သည် ဇန်နဝါရီလ(၈)ရက်နေ့တွင် သိသိသာသာကျဆင်းသွားကြောင်းမူဆယ်မြို့၊ အရှေ့မြောက်တံခါးအများနှင့်သက်ဆိုင်သော သစ်သီးရောင်းဝယ် ရေးကွင်းမှ သိရသည်။
တရုတ်နိုင်ငံ၊ ဝမ်တိန်မြို့၊ ကားဝန်းထဲ၌ ရက်ကြာပိတ်နေသည့် ခါလီယာဉ်များပြန်လည်ထွက်လာ နိုင်ပြီးနောက် (၂၀၂၁)ခုနှစ်၊ ဇန်နဝါရီလ(၃)ရက်နေ့မှ စတင်၍ နှစ်နိုင်ငံ၊ သစ်သီးအရောင်းအဝယ်ကို ပုံမှန်ပြန်လည်တင်ပို့လျက်ရှိရာ လက်ရှိတရုတ်နိုင်ငံဘက်တွင် နာရီပိုင်းအတွင်းရောဂါ ကူးစက်ပြန့်ပွားမှု ပိုမိုမြင့်မားလာခြင်းကြောင့် သစ်သီးဈေး ကွက်ကျဆင်းရခြင်းဖြစ်ကြောင်းသိရသည်။ “တစ်ဖက်နိုင်ငံ၊ တရုတ်နိုင်ငံဘက်မှာ နှင်းမုန်တိုင်းကျနေသလို မထင်မှတ်ထားတဲ့ ကိုဗစ်-၁၉ရောဂါကူးစက်ပြန့် ပွားမှုတွေ ထပ်မံမြင့်မားလာပြီး ဂိတ်တစ်ချို့နဲ့ မြို့တစ်ချို့တွေ အသွားအလာကန့်သတ်ထားတယ်လို့ ကြားသိရပါတယ်၊ ဒါကြောင့် ယနေ့၊ ဇန်နဝါရီလ(၈)ရက်နေ့မှာ နှစ်နိုင်ငံ၊ သစ်သီးအရောင်းအဝယ် ဈေးကွက်ဟာ သိသိသာသာကျဆင်းသွားပါတယ်၊ တရုတ်နိုင်ငံဘက်က ရောဂါကူးစက်ပြန့်ပွားမှုအပေါ် မူတည်ပြီးတော့ နောက်နေ့တွေမှာ ဘယ်မြို့တွေကို အသွားအလာကန့်သတ်မှုတွေ ထပ်မံပြုလုပ်မလဲ ဆိုတာ အသိအကျမသိနိုင် သေးဘူး၊ လောလောဆယ်မှာတော့ အသီးဈေးကွက်က နည်းနည်းရှုပ်ထွေးတဲ့ အနေအထားဖြစ်နေပါတယ်”လို့ အရှေ့မြောက်တံခါးအများနှင့်သက်ဆိုင်သော သစ်သီးရောင်းဝယ်ကွင်းမှ မန်နေဂျာဦးဝင်းတိုးက ပြောကြားသည်။
နှစ်နိုင်ငံသစ်သီးအရောင်းအဝယ်ပြုလုပ်ရာ၌ သီးသစ်အရည်အသွေးပေါ်မူတည်၍ ဈေးကောင်းရနေသလို့ အချိန်နှင့်အမျှအပြောင်းအလဲဖြစ်နေကြောင်းသိရပြီး မြန်မာနိုင်ငံဘက်မှ တင်ပို့လျက်ရှိသည့် သစ်သီးဈေးကွက်ကို တရုတ်နိုင်ငံ၊ ဝမ်တိန်မြို့တွင် အရောင်းအဝယ်ပြုလုပ်ခြင်းဖြစ်သည်။ လက်ရှိ သစ်သီးအရောင်းအဝယ်ဈေးကွက်၌ (855) (အစီးပြတ်၊ တရုတ်ယွမ်ငွေ(၁)သောင်းမှ (၃)သောင်းယွမ် အထိ)၊ ထျန့်ဝမ်ဇရဲထိပ်စ (တစ်တန်လျှင် တရုတ်ယွမ်ငွေ(၃)ထောင်မှ (၅)ထောင်ယွမ် အထိ)၊ အစေ့မဲ့ (တစ်တန်လျှင် တရုတ်ယွမ်ငွေ(၂)ထောင်မှ (၃)ထောင်ယွမ်အထိ)၊ ရွှေသခွား (တစ်တန်လျှင် တရုတ်ယွမ် ငွေ(၂)ထောင်မှ (၃)ထောင်ယွမ်အထိ)၊ ပိုက်/ဝူခုံးထိပ် စသီး(တစ်တန်လျှင် တရုတ်ယွမ်ငွေ(၁၅၀၀)မှ (၂၅၀၀)ယွမ်အထိ)အသီးသီးဈေး ရရှိကြောင်းသိရသည်။ သစ်သီးဈေးကွက်ကို ထိန်းသိမ်းထားသည့် အနေဖြင့် မူဆယ်မြို့၊ အရှေ့မြောက်တံခါးသစ်သီးကွင်းမှ သစ်သီးကုန်တင်ယာဉ်များကို စီစစ်ထိန်းသိမ်း၍ စနစ်တစ်ကျစေလွှတ်ပေးလျက်ရှိပြီး လက်ရှိ သစ်သီးကွင်း၌ သစ်သီးယာဉ်အစီးရေ စုစုပေါင်း(၅၀၀)ခန့် ရှိကြောင်း သိရသည်။
ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)