တနင်္သာရီမြို့နယ်၌ ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်အတွင်း စိမ့်စမ်းရေသွယ်တန်းခြင်း၊ ရေသန့်စင်စနစ်၊ ကျေးလက်ကုန်ထုတ်လမ်း လုပ်ငန်းများ ဆောင်ရွက်မည့် ကုမ္ပဏီများနှင့် လုပ်ငန်းညှိနှိုင်းတွေ့ဆုံဆွေးနွေး

တနင်္သာရီ ဇန်နဝါရီ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ်အတွင်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ကျေးလက်ရေ ပေးဝေရေးလုပ်ငန်းနှင့် ကျေးလက်ကုန်ထုတ်လမ်းလုပ်ငန်းများကို စတင်ဆောင်ရွက်မည့် တင်ဒါ အောင်မြင်သော ကုမ္ပဏီများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမအတွင်း ကျင်းပရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဟိန်း၊ မြိတ်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦး၊ မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးစိုးရယ်လွင်နှင့် ဝန်ထမ်းများ၊ တင်ဒါအောင်မြင်သော ကုမ္ပဏီ (၆)ခုတို့မှ မန်နေဂျင်းဒါရိုက်တာများ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဟိန်းက အဖွင့်အမှာစကား ပြောကြားပြီး ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦးက ဆောင်ရွက်မည့် လုပ်ငန်းတစ်ခုချင်း၏ အရည် အသွေးနှင့် တည်ဆောက်ရေး စံချိန်စံညွှန်များအား အသေးစိတ်ရှင်းလင်းပေးခဲ့သည်။ ဆက်လက် ၍ မြို့နယ်ဦးစီးမှူး ဦးစိုးရယ်လွင်က လုပ်ငန်းများ Work Plan များ ရေးဆွဲ၍ သတ်မှတ် ကာလအတွင်း အောင်မြင်စွာ ပြီးမြောက်နိုင်ရေးအတွက် ဆွေးနွေးပြောကြားရာ တက်ရောက်လာ သော ကုမ္ပဏီများမှ မန်နေဂျင်း ဒါရိုက် တာများကလည်း မိမိတို့၏ လုပ်ငန်း အလိုက် အစီအစဉ် များကို  ပြန်လည်ဆွေးနွေးခဲ့ကြသည်။

တနင်္သာရီမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ခု ၊ ဘဏ္ဍာရေးနှစ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီး ဌာနမှ  စိမ့်စမ်းရေ သွယ်တန်းခြင်းလုပ်ငန်း(၉)ခု၊ ရေသန့်စင်စနစ်(၁)ခုနှင့် ကျေးလက် ကုန်ထုတ်လမ်း တစ်လမ်းအတွက် ရန်ပုံငွေကျပ်သန်း (၄၆၅ ဒဿမ ၇၆၇) ဖြင့် အကောင်အထည် ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရှိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)