မတ္တရာ ဇန်နဝါရီ ၉
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် သံကျွန်းကျေးရွာအုပ်စု သံကျွန်းရွာအရှေ့ဘက်ရှိ ဧရာဝတီမြစ်အတွင်း၌ စက်လှေဖြင့် ဘတ္ထရီရှော့တိုက် ငါးဖမ်းဆီးသူများကို ယမန်နေ့နံနက်ပိုင်းက သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ ကြောင်း သိရသည်။
ဧရာဝတီမြစ်အတွင်း ဘတ္ထရီရှော့တိုက် ငါးဖမ်းဆီးမှုပပျောက်ရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်ငါးလုပ်ငန်း ဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဦးကျော်သက်ထွန်း၊ မတ္တရာမြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ဒုဦးစီးမှူး ဦးမင်းသန့်၊ မန္တလေး တိုင်းဒေသကြီး သားငှက်ထိန်းသိမ်းရေးအဖွဲ့ (WCS)မှ အဖွဲ့ဝင် ဦးကျော်လှသိန်း ရေကြောင်းရဲတပ်ဖွဲ့မှ ရဲအုပ်အောင်သိန်း ဦးစီးသော တပ်ဖွဲ့ဝင်များပူးပေါင်းပါဝင်သော အဖွဲ့သည် မြစ်အတွင်း ကွင်းဆင်းဆောင်ရွက်စဉ် မတ္တရာမြို့နယ်၊ သဲကျွန်းကျေးရွာ အုပ်စု၊ သဲကျွန်းကျေးရွာ၏ အရှေ့ဘက် ဧရာဝတီမြစ်အတွင်းတွင် စက်လှေဖြင့် ဘတ္တရီရှော့တိုက် ငါးဖမ်းနေသူ (၃)ဦးအား တွေ့ရှိ ရသဖြင့် ဖမ်းဆီးရာ (၁၄)တောင် လှေ(၁) စီး၊ GS-100 ဘတ္တရီအိုး(၁)လုံး၊ KAWA-7.5 HP ရှပ်တန်းပါစက် (၁)လုံး၊ (3800W) ရှော့ပုံး(၁)ပုံး၊ ခြေတိုရှော့ပိုက်(၁)လက်၊ ငါးထည့်သည့် ဖော့ပုံး(၁)ပုံးတို့နှင့်အတူ ဖမ်းဆီးရမိ ခဲ့သည်။
ဖမ်းဆီးရမိသော သက်သေခံပစ္စည်းများအား ရေချိုငါးလုပ်ငန်းဥပဒေပုဒ်မအရ ပြည်သူ့ ဘဏ္ဍာအဖြစ် သိမ်းဆည်း၍ စက်လှေဖြင့် ဘတ္ထရီရှော့တိုက် လုပ်ငန်းလုပ်ကိုင်သူ ဦးဖြူဝင်း၊ မောင်ပိန်နှင့် ဒေါ်ဝိုင်းကြည်တို့အား မတ္တရာမြို့မစခန်းမှ အမှုဖွင့် အရေးယူ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
စိုးကျော်သူထွေး(မတ္တရာ)