ကျွန်းစုမြို့တွင် စာသင်ကျောင်းများအတွက် ကိုဗစ် - ၁၉ ကာကွယ်ရေးပစ္စည်းများလှူဒါန်း

ကျွန်းစု ဇန်နဝါရီ ၉

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် မြိတ်ဒေသ ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ် ကုသရေးအတွက် အထောက်အကူပြုကော်မတီနှင့် မြိတ်ခရိုင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အရပ်ဖက် ပူးပေါင်းကော်မတီတို့မှ အလယ်တန်း ကျောင်းများအတွက် ကိုဗစ် -၁၉ ကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများ လှူဒါန်းခြင်း အခမ်း အနားကို ယနေ့ နံနက်ပိုင်းက အ.ထ.က (ကျွန်းစု) ကျောင်းရှိ ပညာ့ဗိမာန်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်တင်ရီက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာထူးနေအောင်နှင့် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာရဲမင်းဦးတို့က အမှာစကား အသီးသီးပြောကြားကာ မြိတ်ခရိုင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အရပ်ဖက် ပူးပေါင်းကော်မတီ၊ တာဝန်ရှိသူ တစ်ဦးမှ ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများ လှူဒါန်းရခြင်း အကြောင်းအား ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်ပြီး ကျွန်းစုမြို့နယ်အတွင်းရှိ ကျောင်း(၆၈)ကျောင်းအတွက် ကိုဗစ်-၁၉ ကာကွယ်ရေး အထောက် အကူပြုပစ္စည်းများဖြစ်သည့် လက်ဆေးဘေစင်(၂)ခု၊ ခြေနင်းအမှိုက်ပုံး(၂)လုံး၊ ဆီးသွားပုံး(၁)လုံး၊ PPE ဝတ်စုံ(၁)စုံ၊ Surgical Gown (၁)ထည်၊ Apron(၂)ထည်၊ လက်အိတ်တို(၅)စုံ၊ လက်အိတ်ရှည်(၁)စုံ၊ ခေါင်းစွပ်(၁၀)ခု၊ လက်သန့်ဆေး(၂)ဗူး၊ ဆပ်ပြာဆီ(၂)ဗူး၊ Mask(၅၀)ခုတို့အား ပေးအပ်လှူဒါန်းခဲ့သည်။

ထို့နောက် မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်ဝင်းမာက ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများ လှူဒါန်းပေးသော ကော်မတီအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့ပြီး ကျေးဇူးတင်စကားပြောကြားခဲ့ကာ အခမ်းအနားကို ရုတ်သိမ်းခဲ့ ကြောင်း သိရသည်။

မင်းကျော်စော(ပြန်/ဆက်)