မိုင်းယောင်း ဇန်နဝါရီ ၁၀
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် လမ်းဦးစီးဌာန၊ ကျေးလက်လမ်း ဦးစီး ဌာနနှင့် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနတို့မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်မည့် လမ်း၊ တံတားလုပ်ငန်းများအား ချပြ ရှင်းလင်းခြင်းကို ယမန်နေ့ က မြို့နယ်အုပ်ချုပ်ရေးမှူးရုံးရှိ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်တည်ဆောက်ရေးလုပ်ငန်းများ စိစစ်ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ် ရေးမှူး ဦးညီညီဝင်းက အမှာစကားပြောကြားခဲ့ပြီး၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအိုက်ခမ်း လှိုင်က ဒေသ ဖွံ့ဖြိုးရေးနှင့်ပတ်သတ်၍ အကြံပြုဆွေးနွေးခဲ့ကြသည်။
ထို့နောက် လမ်းဦးစီးဌာနမှ ဦးစီးအရာရှိ(မြို့ပြ) ဦးထက်ဝေတင့်က ယခုဘဏ္ဍာနှစ်၌ မိုင်းဖြတ်-မိုင်းယောင်း လမ်းနှင့် မိုင်းယောင်း-မိုင်းယုလမ်း ကတ္တရာထပ်ပိုးလွှာခင်းခြင်း လုပ်ငန်းများနှင့် လမ်းခင်း ရာ၌ အသုံးပြုမည့် လမ်းခင်းကျောက် အမျိုးအစားကိုလည်းကောင်း၊ ကျေးလက်လမ်းဦးစီးမှူးက ကျေးရွာချင်းဆက် လမ်းများ အဆင့်မြင့်တင်ခြင်းလုပ်ငန်းများ ကိုလည်းကောင်း၊ န.တ.လဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်စိုးက ကျေးရွာဆိုလာမီးလင်းရေးလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများကို လည်းကောင်း ပရိုဂျက်တာဖြင့် ရှင်းလင်းတင်ပြခဲ့ကြသည်။
ယင်းနောက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း တင်ဒါအောင်သည့် လုပ်ငန်းရှင် ကုမ္ပဏီများမှ တာဝန်ရှိသူ တစ်ဦးချင်းက ယင်းတို့ကုမ္ပဏီ၏ လုပ်ငန်းဆောင်ရွက်မှု အစီအမံများနှင့်ပတ်သတ်၍ အများမြင်သာစေရန် ရှင်းလင်းချပြခဲ့သည်။
အခမ်းအနားကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ကာကွယ်ရေး ညွှန်ကြားချက် အတိုင်း သတ်မှတ်အကွာအဝေးဖြင့် ကျင်းပခဲ့ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းထွန်းအောင်၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအိုက်ခမ်းလှိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်းနှင့် ဌာနဆိုင်ရာများ၊ မိုင်းယုမြို့ အုပ်ချုပ်ရေးမှူး ဦးအောင်ပြည့်ဖြိုး၊ ကုမ္ပဏီလုပ်ငန်းရှင်များ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံ ပြည်သူများ တက်ရောက်ခဲ့ကြကာ ဒေသဖွံ့ဖြိုးရေးအတွက် ဆွေးနွေးခဲ့ ကြကြောင်း သိရသည်။
အားချာ