လေးခန်းတွဲ လေးထပ် ဝန်ထမ်းအိမ်ရာ အဆောက်အအုံတည်ဆောက်ရန် ရတနာပန္နက်တော်တင်

ဆီဆိုင် ဇန်နဝါရီ    ၁၀

မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ဆီဆိုင်မြို့ရှိ ၀န်ထမ်းများနေထိုင်ရေး အဆင်ပြေစေရန် အတွက် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့၊ အောင်ချမ်းသာရပ်ကွက်၊ ဆီဆိုင်-လွိုင်ကော် ပြည်ထောင်စုလမ်းမကြီးဘေးမြေနေရာ၌ ရှမ်းပြည်နယ် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် တည်ဆောက်မည့် (၄) ခန်းတွဲ၊ (၄) ထပ် ၀န်ထမ်းအိမ်ရာအဆောက်အအုံ ရတနာပန္နက်တော်တင်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက အဆိုပါ ၀န်ထမ်းအိမ်ရာတည်ဆောက်မည့် မြေနေရာ၌ ကျင်းပခဲ့ကြောင်းသိရသည်။

ရတနာပန္နက်တော်တင်ပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်သန်းထူး၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၊ ရှမ်းပြည်နယ်ညွှန်ကြားရေးမှူး  ဦးထွန်းအောင်ကျော်၊ မြို့နယ်စီမံခန့်ခွဲ မှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ် ချုပ်ရေးမှူး ဦးသိန်းဇော်နှင့် မြို့နယ်လမ်းဦးစီးဌာန၊ ဦးစီးအရာရှိ (မြို့ပြ) ဦးဘဆန်းလှတို့က ၀န်ထမ်းအိမ်ရာ ဆောက်လုပ်မည့် မြေနေရာတွင် ရတနာပန္နက်ရိုက်၍ အမွှေးနံ့သာရည်များ ပက်ဖြန်းပေးကြ ကြောင်းသိရသည်။

ယခုတည်ဆောက်မည့် ဆီဆိုင်မြို့ရှိ ဝန်ထမ်းအိမ်ရာသည် အလျား ၆၁.၅ ပေ၊ အနံ ၅၁ ပေရှိ  (၄)ခန်းတွဲ (၄)ထပ် အဆောက်အအုံဖြစ်ပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ရန်ပုံငွေ ကျပ် (၃၀၀.၄၀) သန်းဖြင့် Million Effect Company မှ တာဝန်ယူ တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

ခွန်ရဲထွေး (ဆီဆိုင်)